DSLR Camera ၀ယ်မယ်ဆိုရင်…
==========================




ဓာတ်ပုံရိုက်ချင်တယ်..။ ဘယ်ကင်မရာ ၀ယ်ရမလဲ..။ ဘယ်မှန်ဘီလူး ၀ယ်ရမလဲ..။ ဘယ်လောက်သုံးရမလဲ…။ Nikon လား Canon လား။ မေးခွန်းတွေက များနိုင်ပါတယ်..။ အဲ့လိုမေးတဲ့သူတွေအတွက် များသောအားဖြင့် အတွေ့အကြုံများတဲ့ သူတွေက ဒီလို ပြန်မေးပါ လိမ့်မယ်…။

ဘာအတွက် ရိုက်ချင်တာလဲ…? ဘယ် Photography ကို လေ့လာမှာလဲ…? ဓာတ်ပုံပညာ (Photography) အပေါ် ဘယ်လောက် အထိ လေ့လာလိုစိတ်ရှိပါသလဲ…။ နောက်ဆုံး အရေးကြီးတဲ့အချက်က ငွေဘယ်လောက်သုံးမှာလဲ….။

သာမန်အားဖြင့် Camera အမျိုးအစား သုံးမျိုးခွဲခြားထားနိုင်ပါတယ်..။

1. Point And Shot
2. Bridge (DSLR Like)
3. DSLR (Digital Single Lens Reflex)

Point & Shoot အကြောင်းကတော့ လူတိုင်းသိပြီး ဖြစ်လို့ ထပ်မရှင်းတော့ပါဘူး..။ Bridge အကြောင်းတော့ နဲနဲရှင်းချင်ပါတယ်…။ Bridge ဆိုတာ DSLR နီးပါးရိုက်လို့ရပါတယ်…။ Shutter Mode (TV/S), Aperture Mode (AV/A), Manual Mode (M) စတဲ့ DSLR မှာပါတဲ့ Function တွေ အားလုံး (နီးပါး) ပါပါတယ်…။ DSLR ထက် အားသာတဲ့အချက်က Lens လဲစရာမလိုပဲ Range တော်တော်စုံစုံ ကို ရိုက်လို့ရပါတယ်….။ DSLR ထက် အားနည်းချက်က (အဓိက အားနည်းချက်) တော့ Sensor Size သေးလွန်းခြင်းနဲ့ DSLR တွေလောက် ISO မနိုင်ခြင်းပဲ ဖြစ်ပါတယ်…။အဲ့ဒီ့အတွက် အဖြေကရှင်းပါတယ်..။ ရိုက်နိုင်သလားဆိုတော့ ရိုက်နိုင်တယ်..။ ဒါပေမယ့် ပုံထွက်ပိုင်းမှာတော့ တော်တော်သိသိသာသာလေး ကွာသွားနိုင်ပါတယ်…။ ပုံအရည်အသွေးဟာ ဓာတ်ပုံဝါသနာရှင်/ပညာရှင် တစ်ယောက် အတွက် အသက်ဖြစ်တဲ့အတွက် DSLR ကို သုံးကြပါတယ်…။ဓာတ်ပုံကို ၀ါသနာပါတယ် ဘယ်လိုကင်မရာ ၀ယ်ရမလဲ..။ ဘယ် Brand ၀ယ်ရမလဲဆိုရင်တော့…။ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးပါ..။

(၁) ငါ ဘယ်လို ဓာတ်ပုံမျိုးကို ရိုက်ချင်တာလဲ …။

(၂) ငွေဘယ်လောက် သုံးနိုင်မလဲ…။

ဆိုတာပါပဲ…။DSLR ဆိုတာ နာမည်ကိုက Digital Single Lens Reflex ဖြစ်တဲ့အတွက်..။ ကိုယ်ရိုက်ချင်တဲ့ Photography အမျိုးအစား တစ်ခုစီအတွက် မဖြစ်မနေ (ဖြစ်နိုင်ရင်) Lens တစ်ခုစီကို ပြောင်းလဲ အသုံးပြုဖို့ လိုပါလိ့မ်မယ်..။ ဥပမာ ပုရွက်ဆိတ်ကို ရိုက်ချင်တယ်ဆိုရင် Macro Lens … ရှုခင်းတွေကို ရိုက်ချင်တယ်ဆိုရင် Ultra Wide Lens … Wild Life ကို ရိုက်ချင်တယ်ဆိုရင် Tele Lens စသဖြင့် ကိုယ်ရိုက်ချင်တဲ့ အပေါ်မှာ မူတည်ပြီး အသုံးပြုရမယ့် Lens တွေကွဲပြားသွားပါတယ်…။

ဒီနေရာမှာ စကားကြုံလို့ Walk Around Lens တွေ အကြောင်းနဲနဲ ပြောချင်ပါတယ်..။ ဥပမာ Canon မှာဆို 18-200 လိုမျိုး Nikon မှာလည်း 18-200 ရှိပါတယ်..။ အဲ့ဒါ တစ်လုံးရှိရင် မဖြစ်ဖူးလားလို့ ခဏခဏ မေးကြပါတယ်..။ ဖြစ်ပါတယ်..။ အတိုင်းအတာ တစ်ခု အထိ ကောင်းပါတယ်..။ သုံးရတဲ့ ငွေ..။ အသုံးဝင်ပုံနဲ့ ပုံထွက်အနေအထားအရ အပျော်တမ်းအဆင့်ဆိုရင် လုံလောက်ပါတယ်..။ ဒါပေမယ့် အပျော်တမ်းအဆင့်နဲ့ မကျေနပ်နိုင်တဲ့ သူတွေအတွက်တော့ သေသေချာချာစဉ်းစားစေချင်ပါတယ်..။ ဒီ Walk Around Lens တွေက ထင်သလောက် ဈေးမသေးပါဘူး..။ Quality ကောင်းတဲ့ Lens တစ်ခုစာ နီးပါးရှိပါတယ်..။ ကျွန်တော့်အနေနဲ့ Personal Advice အရ မ၀ယ်စေချင်ပါဘူ…။ ဖြစ်နိုင်ရင် Quality ကောင်းတဲ့ Lens တွေကို ပဲ တစ်ခုခြင်း ဖြေးဖြေးစီ ၀ယ်စုစေချင်ပါတယ်..။

အားလုံးကို ရိုက်ချင်တယ်ဆိုပြီး ရှိသမျှ Lens တွေ လိုက်ဝယ်ရင်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ ငွေအကုန်အကျသာ တအားများ သွားပြီး..။ ထူးချွန်သာလွန်တဲ့ Photography Field တစ်ခုခုမှာ လက်မထောင်နိုင်မှာ မဟုတ်ပါဘူး..။ ဒါကြောင့် ပထမအချက် အနေနဲ့ ကိုယ့်ကိုယ်ကို ငါဘာ ရိုက်ချင်တာလဲဆိုတာကို သိဖို့လိုပါတယ်..။ Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် အဓိကက ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံကို လိုက်ရိုက်ပေးနိုင်ဖို့ပဲ လိုပါတယ်…။ တစ်ခုစီမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်…။

နောက်တစ်ခုက Camera Body တစ်ခုနဲ့ တစ်ခုကို တန်းမတူတာတွေ မညှိဖို့ လိုပါတယ်..။ ဥပမာ Nikon က D90 ကို Canon က 5D Mark II နဲ့ ညှိ လို့မသလို…။ Canon က 7D ကိုလည်း Nikon က D700 နဲ့ သွားညှိ လို့မရပါဘူး..။ Line Up မတူပါဘူး..။ ယှဉ်ချင်ရင် Nikon D90 နဲ့ Canon 50D, 60D (သို့မဟုတ်) Nikon D300s နဲ့ Canon 7D (သို့မဟုတ်) Nikon D700 နဲ့ Canon 5D Mark II စသဖြင့် သူ့ Line Up နဲ့ သူ ယှဉ်မှသာ အဖြေမှန်ကို ရပါလိမ့်မယ်…။အရေးကြီးတဲ့အချက်က စ၀ယ်မယ့်သူတော်တော်များများဟာ DSLR ကို မြင်တိုင်း Professional Camera လို့ ထင်ကြပါတယ်..။ အမှန်တစ်ကယ်ဆို DSLR တိုင်း Professional Camera မဟုတ်ပါဘူး…။ DSLR Camera တွေမှာ Level လေးခုရှိပါတယ်..။

(1) Entry Level – Canon 1100D, 550D, 600D, 650D, Nikon D60, D3000, D3100, D5000, D5100 (သိသာတဲ့အချက်က Entry Level DSLR Body တွေမှာ Top Panel Display မပါပါဘူး)

(2) Semi-Pro Level – Canon 50D, 60D / Nikon D90, D7000

(3) High End Semi-Pro- Canon 7D/ Nikon D300, D300s(4) Pro Level – Canon 5D Mark II , 5D Mark III , 1DS Series, 1DX / Nikon D700, D800, D800s, D3s, D3x, D4

Pro Level Camera နဲ့ Pro Level မဟုတ်တဲ့ Camera ဘာကွာသလဲ ဆိုရင်တော့ Sensor ပါပဲ..။ Pro Level Camera တွေမှာ Full Frame Sensor (35mm) ပါဝင်နေတာဖြစ်ပြီး..။ Entry Level က အစ High End Semi-Pro အဆုံး Canon မှာဆို APS-C 1.6x crop sensor (Canon မှာ APS-H ဆိုတာရှိပါသေးတယ် 1D Series ပါ…။ 1Ds နဲ့ မဆိုင်ပါ..။ 1Ds က Full Frame ပါ..။) နဲ့ Nikon မှာ ဆို DX 1.5 Crop Sensor တွေသာပါမှာ ဖြစ်ပါတယ်..။Sensor ကွာတော့ ပုံ quality သိသိသာသာ ကွာသွားပါတယ်..။ အထူးသဖြင့် ISO များမျာတင်ရိုက်တဲ့အချိန်မှာ သိသိ သာသာ ကြီးကွာသွားပါတယ်..။

နောက်ပိုင်းအသေးစိတ်တွေကို ကြုံရင် ကျွန်တော် ထပ်ရေးပေးပါ့မယ်..။ဒီလောက်ဆိုရင် DSLR တွေအကြောင်းကို နဲနဲ တီးမိခေါက် မိလောက်ရှိသွားပြီ ထင်ပါတယ်…။ ကျွန်တော်လည်း အချိန်ရရင် ရသလို တစ်ခုချင်းစီအကြောင်း အသေးစိတ် ထပ်ရေးပေးပါ့မယ့်…။ ဥပမာ Shutter Speed (TV/S) ဆိုတာဘာလဲ ဘယ်လိုသုံးမလဲ..။ Aperture Mode (AV/A) ဆိုတာ ဘာလဲ ဘယ်လိုသုံးမလဲ..။ Manual Mode (M) ကို ဘယ်နေရာမှာသုံးမလဲ..။ Bulb Mode က ဘာအတွက်လဲ..။ ISO ကို ဘယ်လောက်ထားသင့်သလဲ..။ ဒါမှမဟုတ် ဘယ်လို ကစားသင့်သလဲ…။ White Balance က ဘယ်လောက်အသုံးဝင်သလဲ..။ Metering Mode က အရေးကြီးရဲ့လား..။ Histogram ကို ဘယ်လိုကြည့်ရသလဲ…။ စသဖြင့် ကျွန်တော် သိသမျှ မှတ်သမျှ ထပ်ရေးပေးပါ့မယ်..။

နိဂုံးအနေနဲ့ ကင်မရာ စ၀ယ်မယ့်သူများအနေနဲ့ ကျွန်တော် အပေါ်က ပြောခဲ့တာတွေအားလုံးကို လေ့လာသုံးသပ်ပြီးမှ ၀ယ်စေချင်ပါတယ်..။ Photography ဟာ Expensive Hobby တစ်ခုဖြစ်တဲ့အတွက် ၀ယ်ပြီးမှ ကိုယ်နဲ့ အဆင်မပြေ အသုံးအတည့်ရင် အရှုံးကြီးပါလိ့မ်မယ်.။ ၀ယ်လိုက် မကြိုက်လို့ ပြန်ေ၇ာင်းလိုက် လုပ်ရင် ကိုယ့်အတွက် နှစ်ခါ နစ်နာပါတယ်..။ ဒါကြောင့် လွယ်လွယ်ကူကူ Canon မှာဆိုရင် (550D, 600D ) ၀ယ်လိုက်..။ Nikon မှာဆို D5100 ၀ယ် ဘာညာဆိုပြီး (ဖြစ်နိုင်ရင်) ကျွန်တော် အကြံမပေးလိုပါဘူး..။

ဘာလို့လဲဆိုတော့ Camera သမားတိုင်းဟာ Entry Level Camera ၀ယ်ပြီး သိပ်မကြာခင် (၁ လ ၂ လ ) အတွင်းမှာတင် Semi-Pro ကို စပြောင်းချင်လာပါတယ်..။ အဲ့ဒီ့ အခါ အောက်ဈေးနဲ့ ကိုယ့်ကင်မရာကို ရောင်းရတဲ့အတွက် တစ်ခါရှုံး..။ Semi Pro တွေက ဈေးမြင့်တဲ့ အတွက် တစ်ခါ ထပ်ကုန်နဲ့ နှစ်ခါ နာတတ်ပါတယ်..။ ဒါကြောင့် သေသေချာချာ စဉ်းစားပြီးမှ ၀ယ်စေချင်ပါတယ်..။

အရေးကြီးဆုံးအချက်ကတော့ ကိုယ့်မှာသုံးမယ့် ငွေအနေအထားနဲ့ ကိုယ်လိုချင် ရိုက်ချင်တဲ့ ဓာတ်ပုံအမျိုးအစားကို ချိန်တွက်ပြီး ၀ယ်တတ် ဖို့လိုပါတယ်….။စိတ်ထဲမှာ အမြဲတမ်းမှတ်ထားဖို့ကတော့ “သူဘာ Camera သုံးလဲဆိုတာထက်..။ သူဘယ်လိုရိုက်သလဲ…။ ကင်မရာ နောက်က လူက ဘာလဲ” ဆိုတာပဲ ဖြစ်ပါတယ်..။

source: blackdream21

ဖေ့ဘုတ်ပေါ်က ပြန်လည်မျှဝေခြင်းသာ

Posted by စိမ့်စမ်းရေ on Friday, December 21, 2012

0 comments

Post a Comment