by Aung Naing Htue on Tuesday, November 23, 2010 at 5:55pm ·



သင်သည် အနီးတွင်ရှိသည့်အချက်အပြုတ်စာအုပ်တစ်အုပ်ကို ကောက်ကြည့်၍ 'လက်ဖက်ရည်ဖျော်နည်း'ကို လိုက်ရှာလျှင် တွေ့လိမ့်မည်မထင်ပါ။ တွေ့သည်ဆိုလျှင်လည်း သုံးလေး ငါးကြောင်း မည်ကာမတ္တမျှသာဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့အင်္ဂလန်ကျွန်း၊အိုင်ယာလန်ပြည်၊ဩစတြေးလျနှင့်နယူဇီလန်ကျွန်းတို့တွင် လက်ဖက်ရည်သည် ယဉ်ကျေးမှု၏အစိတ်အပိုင်းကြီးတစ်ရပ် ဖြစ်နေရုံမျှမက လက်ဖက်ရည်ဖျော်နည်းနှင့်ပတ်သက်၍လည်း အကြီးအကျယ် ၀ိဝါဒကွဲပြားနေသည့် အလျှောက် လက်ဖက်ရည်ဖျော်နည်းကို ချက်နည်းပြုတ်နည်းစာအုပ်များထဲတွင် မတွေ့ရသည်မှာများစွာ ထူးဆန်းလှပါသည်။လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်ဖျော်ပုံဖျော်နည်းနှင့်ပတ်သတ်၍ကျွန်တော်မှတ်သားထားသည့် စာအုပ်မှားထဲသို့ ပြန်ကြည့်သည့်အခါတွင် အရေးကြီးသည့်အချက်ဆယ့်တစ်ချက်ထက်မနည်း သွားတွေ့ရပါသည်။

ယင်းတို့အနက်နှစ်ချက်လောက်မှာ လူတိုင်းသဘောတူကြမည့်အချက်မှားဖြစ်ပြီး အနည်းဆုံး လေးချက်ခန့်မှာ အကြီးအကျယ်ဝိ၀ါဒကွဲပြာူးမည်အချက်များဖြစ်ပါသည်။အောက်တွင် ကျွန်တော်၏လက်ဖက်ရည်ဖျော်နည်း ဆယ့်တစ်ချက်ကို ဖော်ပြလိုက်ပါသည်။ထိုအထဲတွင်ပါသည့်အချက်တိုင်းသည် ကျွန်တော်အတွက်အလွန်အရေးကြီးသည့် စည်းမျဉ်းးများဖြစ်ပါသည်။

ပထမအားဖြင့် အိန္ဒိယ သို့မဟုတ် သီဟိုဠ်လက်ဖက်ခြောက်(အချိုခြောက်)ကိုသုံးသင့်ပါသည်။တရုတ်လက်ဖက်ခြောက်(အဖန်ခြောက်) တွင် ယနေ့တိုင်သဘောကျစရာကောင်းသည့် အချက်များရှိပါသည်။ဥပမာ- ဈေးသက်သာပါသည်။နို့မထည့်ပဲသောက်၍ဖြစ်ပါသည်။

သို့သော် တရုတ်လက်ဖက်ခြောက်တွင် (အာရုံကြောကိုနိုးကြားစေသော)အလှုံ့ဓာတ်နည်းပါးသည်။ တရုတ်လက်ဖက်ခြောက်ဖြင့် ဖျော်ထားသည့် လက်ဖက်ရည်ကို သောက်ပြီးနောက် ပို၍အမျှော်အမြင်ရှိလာဟုမထင်ရပါ။

ပို၍ရဲရင့်လာသည်ဟုလည်း မထင်ရပါ။ လက်ဖက်ရည်ကောင်းကောင်းတစ်ခွက်ဟုဆိုလျှင် အိန္ဒိယလက်ဖက်ခြောက်ဖြင့် ဖျော်သည့်လက်ဖက်ရည်ကိုပြောချင်းဖြစ်ပါသည်။

ဒုတိယအားဖြင့် -လက်ဖက်ရည်ဖျော်လျှင်များများဖျော်၍ မကောင်းပါ။ နည်းနည်းစီဖျော်သင့်ပါသည်။ ဥပမာအားဖြင့် အိုးကလေးဖြင့်ဖျော်ခြင်းမျိုးဖြစ်သည်။ ကရားဖြင့်ဖျော်ခြင်းသည် အရသာမရှိပါ။

စည်ပိုင်းပြတ်ကြီးများဖြင့်ဖျော်သည့် စစ်တပ်လက်ဖက်ရည်မှာကား ဆီချေးနံ့နှင့် သဘောင်္ဆေးနံ့ပင်ပါလိုက်သေးသည်။လက်ဖက်ရည်ဖျော်မည့် လက်ဖက်ရည်အိုးသည် ကြွေအိုး(သို့မဟုတ်) မြေအိုးဖြစ်သင့်ပါသည်။ငွေအိုး၊ငွေရည်သုတ်အိုး စသည်တို့နှင့်ဖျော်လျှင် အညံ့စားလက်ဖက်ရည်ထွက်လာတက်ပါသည်။

။ကြွေရည်သုတ်အိုးများနှင့်ဖျော်လျှင် ပို၍ပင်ဆိုးပါသေးသည်။သို့ရာတွင် ယနေ့ခေတ်တွင် ရှားပါးနေပြီဖြစ်သည့် ခဲမဖြူနှင့်ခဲစပ်သည့်( ဘင် )ဟုခေါ်သော သတ္တုအိုးနှင့်ကျိုလျှင်မူ မဆိုးလှပါ။ဘာကြောင့်မှန်းတော့မသိပါ။

တတိယအချက်အားဖြင့် လက်ဖက်ရည်ဖျော်တော့မည်ဆိုလျှင် ဖျော်မည့်အိုးကို အိုးကင်းပူ တိုက်ပေးသင့်ပါသည်။ ခါတိုင်းလို ရေနွေးပူပူဖြင့် ကျင်းမည့်အစား အိုးကိုခွင်ပေါ်တွင်တင်ပြီး အပူတိုက်သင့်ပါသည်။

စတုတ္ထအားဖြင့် လက်ဖက်ရည်သည် ပြင်းပြင်းကျကျဖြစ်သင့်ပါသည်။ ကွပ် ပုလင်းတစ်လုံးစာ ဆံ့သည့်အိုးမျိုးတွင် နှုတ်ခမ်းအထိအပြည့်ထည့်ပြီး ဖျော်မည်ဆိုလျှင် လက်ဖက်ခြောက် ခြောက်ဇွန်းမောက်မောက်လောက် ထည့်မှကောင်းပါသည်။

သို့ရာတွင် (စစ်အတွင်း)ရာရှင်စနစ်ဖြင့် သောက်နေရချိန်မျိုးတွင် နေ့တိုင်း ထိုသို့ခြောက်ဇွန်းမောက်မောက်ထည့်ဖျော်ပြီး သောက်နိုင်ဖို့ဆိုသည်မှာ သိပ်မလွယ်လှပါ။ သို့ရာတွင် ကျွန်တော့အဖို့မူကား လက်ဖက်ရည့်ပေါ့ပေါ့အခွက်နှစ်ဆယ်ထက် လက်ဖက်ရည်ကျကျတစ်ခွက်ကိုသာ သောက်ချင်ပါသည်။

လက်ဖက်ရည်ကို တကယ်အမှန်ကြိုက်သူသည် လက်ဖက်ရည်ကျကျကိုကြိုက်ယုံမျှမက တစ်နှစ်ထက်တစ်နှစ် တိုး၍အကျအပြင်း ကြိုက်လာတက်ပါသည်။အသက်ကြီးကြီးပင်စင်စားကြိးများကို လက်ဖက်ခြောက်ပိုထုတ်ပေးသည်ကိုကြည့်လျှင် ထိုအချက်ကိုသိသာနိုင်ပါသည်။

 ပဉ္စမအားဖြင့် လက်ဖက်ရည်ကို အိုးထဲသို့တိုက်ရိုက်လောင်းထည့်သင့်ပါသည်။လက်ဖက်ရည်စစ်တို့၊ ဇကာတို့ ၊အရည်စစ်အိတ်တို့မသုံးသင့်ပါ။

အချို့သောတိုင်းပြည်များတွင် လက်ဖက်ခြောက်ဖက်သည် လူကို အန္တာရာယ်ဖြစ်စေသည်ဟု အထင်ရှိကာ လက်ဖက်ခြောက်ဖက်တစ်ဖက်တလေ ပါမည်စိုးသဖြင့် ကရားနှုတ်သီးတွင် ကြိမ်ခြင်းကလေးတွေ တွဲလောင်းတပ်၍ပင်ထားကြပါသည်။

စင်စစ်လက်ဖက်ခြောက်အရွက်ဖက်ကို တော်ရုံသင့်ရုံစားရုံဖြင့် ဘာမျှမဖြစ်နိုင်ပါ။လက်ဖက်ခြောက်ဖက်ကို ကရားထဲတွင်ထည့်ထားမှအနံ့သင်းပါသည်။ လက်ဖက်ခြောက်ဖက်ကိုထည့်မထားလျှင် ဘယ်တော့မှ အနံ့ကောင်းကောင်းမသင်းတော့ပါ။

ဆဌမအချက်မှာ လက်ဖက်ရည်အိုးကို ရေနွေးကျိုနေသည့် ကရားနားသို့ယူသွားသင့်ပါသည်။

လက်ဖက်ရေအိုးကို တခြားမှာထားပြီး ရည်နွေးကျိုသည့်ကရားကို အဝေးကြီးသို့ ယူလာခြင်းမျိုးမလုပ်သင့်ပါ။ လက်ဖက်ရည်ဖျော်တော့မည့်အချိန်တွင် ရေနွေးသည် ပွက်ပွက်ဆူနေသင့်ပါသည်။

အပွက်ရပ်မသွားသင့်ပါ။ ဖျော်မည့်အိုးထဲသို့ ရေနွေးလေင်းထည့်နေချိန်မှာပင် မီးတောက်နေသည့်ခွင်ပေါ်မှ တန်းလောင်းထည့်သင့်ပါသည်။ အချို့ကမူ ရေနွေးဆူဆူချင်း လက်ဖက်ရည်ကောက်ဖျော်သင့်သည်ဟု ဆိုကြပါသည်။

ကျွန်တော့်အဖို့တွင်မူ ဘယ်အချိန်မှဖျော်ဖျော် အရေးကြီးသည်မထင်ပါ။ အရေးကြိးသည်မှာ ဖျော်သည့်အချိန်တွင် ပွက်ပွက်ဆူနေဖိုသာဖြစ်ပါသည်။

သတ္တမအားဖြင့် လက်ဖက်ရည်ဖျော်ပြီးနောက်နာနာမွှေသင့်ပါသည်။ လက်ဖက်ခြောက်ဖက်များ အနည်ထိုင်၍ကျသွားအောင် အိုးကိုလှုပ်လျှင် ပိုကောင်းပါသည်။

အဌမအားဖြင့်လက်ဖက်ရည်သောက်လျှင်မနက်ခင်းလက်ဖက်ရည်သောက်ခွက်ဖြစ်သည့်ခွက်စောက်ကြီးဖြင့်သောက်သင့်ပါသည်။ခပ်ပြားပြားခပ်ပတ်ပတ်ပန်းကန်မျိုးဖြင့်မသောက်သင့်ပါ။ မနက်ခင်းလက်ဖက်ရည်သောက်ခွက်နှင့်ဆိုလျှင် လက်ဖက်ရည်များများဆန့်ပါသည်။ ခွက်ပတ်ပတ်နှင့်ဆိုလျှင် လက်ဖက်ရည်မသောက်မှီမှာပင် အေးသွားတက်ပါသည်။န၀မအားဖြင့် လက်ဖက်ရည်ဖျော်တော့မည်ဆိုလျှင် နို့ထဲမှမလှိုင်များကို ခတ်ထုတ်ပစ်ထားသင့်ပါသည်။

မလှိုင်များသော နို့ဖြင့် လက်ဖက်ရည်ဖျော်သောက်ရလျှင် လက်ဖက်ရည်သည် စေးထန်ထန်းနှင့် အော်ဂလီဆန်စရာကောင်းပါသည်။ ဒဿမအချက်အားဖြင့် လက်ဖက်ရည်ကို ပန်းကန်ထဲသို့အရင်ထည့်သင့်ပါသည်။ဤအချက်သည် အကြီးအကျယ် ၀ိဝါဒ ကွဲနေသည့်အချက်ဖြစ်ပါသည်။

အင်္ဂလန်ပြည်ရှိအိမ်ထောင်တိုင်းတွင် ဂိုဏ်းနှစ်ဂိုဏ်းကွဲနေကြပါသည်။ယင်းတို့မှာ နို့ပထမဂိုဏ်းနှင့် နို့ဒုတိယဂိုဏ်းတို့ဖြစ်ပါသည်။ နို့ပထမဂိုဏ်းက အကြောင်းအချက်တွေ ယုတ္တိယုတ္တာတွေခိုင်ခိုင်လုံလုံတင်ပြကြပါသည်။သို့ရာတွင် သူတို့၏တင်ပြဆွေးနွေးချက်များသည် ကျွန်တော်အစွဲကို မချွတ်နိုင်ကြပါ။

ကွန်တော်သဘောမှာ လက်ဖက်ရည်ကို ပထမငှဲ့ပြိးနောက်မှကိုယ်ကြိုက်သလောက် နို့ကိုထည့်ချင်းက ပိုကောင်းသည်ထင်ပါသည်။ သို့မဟုတ်က နို့ကိုအရင်ထည့်မိလျှင်ပိုသွားတက်ပြီး လက်ဖက်ရည်အရသာပျက်သွားတက်ပါသည်

။နောက်ဆုံးအားဖြင့် ရုရှားသောက်နည်း မဟုတ်ခဲ့လျှင် လက်ဖက်ရည်ကို သကြားမထည့်ပဲ သောက်သင့်ပါသည်.ဤကိစ္စတွင်မူ ကျွန်တော့်ကိုထောက်ခံမည့်သူဦးရေ နည်းကောင်းနည်းပါလိမ့်မည်။ သို့ရာတွင် ကျွန်တော့်အဖို့မူ သကြားထည့်သည့်အတွက် လက်ဖက်ရည်၏အနံ့ ပြောက်သွားပါသည်ဟုထင်ပါသည်။ထို့ကြောင့် လက်ဖက်ရည်ကို တကယ်အမှန်ကြိုက်သူတစ်ယောက်သည် သကြားထည့်မသောက်သင့်ဟုထင်ပါသည်။

လက်ဖက်ရည်၏ သင်းပျံ့ပျံ့ရနံ့လေးကို ဖျက်ဆီးနေသူတစ်ယောက်အား အသို့လျှင် လက်ဖက်ရည်ကြိုက်သူဟု ခေါ်နိုင်ပါမည်နည်း။

လက်ဖက်ရည်ထဲသို့ ဆား (သို့) ငရုပ်ကောင်းအနည်းငယ်ထည့်လျှင်လည်းကောင်းပါသည်။ဘီယာသည် ခါးမှ အဓိပ္ပါယ် ရှိသကဲ့သို့ လက်ဖက်ရည်သည်လည်းခါးမှ အဓိပ္ပါယ်ရှိပါသည်။လက်ဖက်ရည်ကိုချိုအောင်လုပ်လျှင်သင်သည် လက်ဖက်ရည်ကိုအရသာ ခံခြင်းမဟုတ်ဘဲ သကြားကို အရသာခံခြင်းသာဖြစ်ပါသည်။....

ထက်အောင်...( .......George Orwell ၏ A Nice Cup of Tea .....)

Posted by စိမ့်စမ်းရေ on Wednesday, September 26, 2012