ရောက်လာခဲ့ပြန်ပါပြီ။

ဒီနေ့ကတော့ ကျွန်မတို့ မင်္ဂလာဈေး ဆွမ်းလောင်းအသင်းရဲ့ ဆွမ်းလောင်းလှူတဲ့နေ့လေးတစ်နေ့ပေါ့။
( 4.6.2012 ) နယုန်လပြည့် တနင်္လာနေ့ ရက်မြတ်လေးမှာတော့ ကြည်လင်သာယာနေတဲ့ ရာသီဥတုလေးနဲ့ အတူ ဆွမ်းလောင်းလှူပွဲကြီးကလည်း ပျော်စရာပါ။

အသစ်အသစ်သော အလှူရှင်တွေရဲ့ စေတနာ၊ သဒ္ဒါတွေကြောင့်လည်း ကျွန်မတို့ မင်္ဂလာဈေး ဆွမ်းလောင်းအသင်းကြီးက ရပ်တည်နေနိုင်ခဲ့ရတာပါ။

ဒီတစ်ပတ်မှာတော့ ထူးခြားတဲ့အလှူရှင်တစ်ဦးကလည်း ပါဝင်လာတာမို့ ကျွန်မတို့ရဲ့ လောင်းလှူပွဲကြီးက ပိုပြီး စည်ကားလာရပါတယ်။

101 အင်နာဂျီ အချိုရည်အထုပ်ပေါင်း 700 ကျော်ကို လာလှူတာမို့ ကျွန်မတို့လည်း တစ်ပျော်တစ်ပါး ၀ိုင်းဝန်း ထည့်ကြရတာပေါ့။ ကျောင်းတစ်ကျောင်းဆီကို အပါးရေ ရှိသလောက် လာလှူတာမို့လည်း ပိုပြီး ၀မ်းသာရပါတယ်။

ဘုန်းကြီးကျောင်းပေါင်း 100 ( အားလုံးနီးပါးက စာသင်တိုက်တွေ )  အပြင် သီလရှင်ပေါင်း 7 ကျောင်းကို လောင်းလှူတာမို့ သံဃာပါးရေလည်း များပါတယ်။ တစ်ပတ်ကိုတော့ အနည်းဆုံး 1200 ကျော်လောက် လောင်းလှူရပါတယ်။

တစ်ချို့ကျောင်းတွေက ဆွမ်းခံမကြွနိုင်ကြတာတွေလည်း ရှိလာတာမို့ အသစ်အသစ်သော ကျောင်းတွေလည်း  ထပ်တိုးလာရပါတယ်။

ဒီတစ်ပတ်တော့ ခေမာသီဝံ ကျောင်းတိုက်က အသစ်ကျောင်းတိုက်အဖြစ် ကြွရောက်ပြီး ဆွမ်းအလှူခံရပါတယ်။ သံဃာပေါင်း 100 တိတိ ကြွ ရောက်ပါတယ်။ ကြည်ညိုဖွယ်ရာ စာသင်သား သံဃာတော်တွေက အသစ်မို့ အားလုံးကလည်း ဂရုတစ်စိုက်နဲ့ လေ့လာရင်း လောင်းလှူကြရပါတယ်။

သံဃာပင့်ကျောင်းသားလေးတွေကိုလည်း ကျောင်းအသစ်ဆို သတိပေးထားတာမျိုးလည်း  ပြောထားရပါသေးတယ်။

စာရေးတံမဲ နေရာမှာ ထိုင်ရတဲ့ ကျွန်မရဲ့တာဝန်ကတော့ မဲပေါက်တဲ့ကျောင်းတွေကို စာရေးတံမဲ ကဒ်ပြားလေးတွေပေးရခြင်းပါ။ ကျောင်းသစ်ကိုတော့ မလေးရှား မုန့်ပုံးမဲဖောက်ပေးထားပြီး  ဓမ္မာရုံက ဘဘတစ်ယောက်က တစ်ဦးတည်းအလှူရှင်အဖြစ် ဆွမ်းဆန်အိတ် တစ်အိတ်ကို လှူဒါန်းပါတယ်။

စီတန်းပြီး ကြွနေတဲ့ သံဃာတော်တွေကို အားလုံးက ဂရုတစိုက်နဲ့ ဆွမ်းလောင်းလှူနေတာမို့ အပါး100 အတန်းကြီးကလည်း ကြက်သည်းထလောက်အောင်ကို ကြည့်ရတာ ကောင်းလှပါတယ်။

ဒီနေ့က ရာသီဥတု သာယာပြီး သံဃာ့ တက္ကသိုလ်တွေလည်း ဖွင့်ချိန်ရောက်တော့မှာမို့ အ၇င်က နယ်တွေပြန်ကြတဲ့ သံဃာတော်တွေ အားလုံးနီးပါး ကြွကြတာမို့ ဆွမ်းတွေတောင် ထပ်ချက်ရပါသေးတယ်။

 ပုံမှန်အားဖြင့် 11 အိတ် ချက်ထားရာကနေ နောက်ထပ် 2 အိတ် ထပ်ချက်ရပါတယ်။

အားလုံးကတော့ ဒီနေ့ကို အားရပါးရ လောင်းလှူ လုပ်အားပေးကြရင်းနဲ့ ကျွန်မတို့တွက် နံနက်ခင်း အာဟာရကတော့ ကြာဇံကြော်နဲ့ ကော်ဖီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်တော့ ဒီနေ့က မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့အဖြစ် ကျွန်မဘာသာ သတ်မှတ်လိုက်ပါတော့တယ်။

စိတ်ထဲ အရမ်းကြည်နူးတာလဲ ပါတယ်ထင်တယ်လေ။





Posted by စိမ့်စမ်းရေ on Monday, June 4, 2012