ဆရာများ မှားတဲ့အခါ….
အမှားဆိုတာ
လူတိုင်းကြုံဖူးကြမှာပါ။ အမှားကြီးနဲ့ အမှားလေးသာ ကွာပါတယ်။ လူတစ်ယောက် ဒါမှမဟုတ် ဘ၀တစ်ခုအတွက်တော့ အမှားကြီးမှားပြီဆိုရင်တော့
ဆောရီးဆိုတဲ့ စကားလေးနဲ့ မလုံလောက်တာတော့ အမှန်ပင်။ ပြန်ပြင်လို့ မရနိုင်တော့တဲ့ အမှားများကတော့
မဟာအမှားကြီးပင်..။
လူနေမှုစရိုက်ပေါင်းစုံထဲမှာ
လှုပ်ရှားနေရတဲ့ ကျွန်မတို့တွက်တော့ မသိမသာ အမှားလေးတွေ မှားနေခဲ့ကြတာတော့ ရှိနိုင်ပါတယ်။
သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာတပည့်၊ အလုပ်ရှင် အလုပ်သမား၊ စသည် စသည် အားဖြင့်ပေါ့။
တစ်ခါတရံ
သတိမေ့လျော့လို့ပဲဖြစ်ဖြစ်၊ သတိမမူမိလို့ပဲဖြစ်ဖြစ် မှားတတ်တဲ့ အခါမျိုးလည်း ရှိနိုင်ပါတယ်။ အလုပ်တွေပင်ပန်းလို့ ခဏတာလေး သတိလက်လွတ်သွားတာကြောင့်
လုပ်ငန်းကိစ္စတွေ မပြေလည် ကြရတာတွေလည်း ကြားဖူးကြမှာပါ။ ခုလဲ ကျွန်မ အလွဲတစ်ခုကြုံရပြန်ပါပြီ။
ငယ်ငယ်တုန်းကပေါ့
ကျွန်မ ၇ တန်းကျောင်းသူအရွယ်တုန်းက အဖြစ်အပျက်လေးပါ။ အတန်းပိုင်တီချယ်က သင်္ချာ ဆရာမပါ။
အသင်အပြကောင်းတဲ့ တီချယ်က သဘောလဲကောင်းပါတယ်။ စည်းကမ်းတကျနဲ့ ကျောင်းသားတွေကို ကိုင်တွယ်နိုင်တာမို့လည်း
ကျွန်မတို့ အတန်းထဲက ခပ်ဆိုးဆိုး ယောင်္ကျားလေး တွေကတောင် တီချယ်ကို ချစ်ကြပါတယ်။
တစ်နေ့စာတစ်နေ့
ပုံမှန်လုပ်ရတာမို့ စာသင်ချိန် တစ်ချိန်ထဲမှာပဲ လေ့ကျင့်ခန်းပါ အပြီးလုပ်ရပါတယ် ။ ပြီးတာနဲ့
တီချယ့်စားပွဲပေါ် စာအုပ်တွေကို မှောက်လျှက် ထပ်တင်ရပါတယ်။ စာအုပ်နာမည်တပ်တာ၊ ဘေးမျဉ်းတားတာကစလို့
နေ့စွဲတပ်တဲ့ထိပါ အကုန်ပါအောင် လုပ်ရပါတယ်။
အတန်းရဲ့အရှေ့ဆုံး
ခုံမှာက ကျွန်မတို့ သူငယ်ချင်း ၄ယောက်ရဲ့ နေရာပါ။ အတန်းထဲမှာ အရပ်ပုပြီး ခပ်သေးသေးလေးတွေမို့လည်း
အရှေ့ဆုံးခုံကို ရထားတာပေါ့။
ကိုယ်တွက်ထားတဲ့
သင်္ချာလေ့ကျင့်ခန်းက ပြောသလောက်မခက်ပေမယ့် ကိုယ့်စာအုပ်ရအောင်တော့ ရင်တထိပ်ထိပ်နဲ့ စောင့်ကြည့်ကြတာတော့
ကျောင်းသားတိုင်း ကြုံဖူးမှာပါ။ ကျွန်မတို့လည်း ကိုယ့်စာအုပ်အလှည့် ရောက်အောင် စောင့်နေကြတုန်း…
`ဒုန်း`
တီချယ်က အမှတ်ခြစ်နေရင်းကနေ..
စားပွဲခုံကို တခုခုနဲ့ ရိုက်လိုက်ပြီး….
“ ဒါ ဘယ်သူ့စာအုပ်လဲ..
နာမည်လဲမပါဘူး….ငါ နာမည်တပ်ပေးလိုက်ရမလား…………..ပြော…….”
အားလုံး အသံတွေတိတ်..။
တီချယ် စိတ်ဆိုးတတ်တာ ကျွန်မတို့သိထားပြီးသားလေ။ သူက စည်းကမ်းနဲ့ ပတ်သက်လာရင် လွယ်တာမဟုတ်ဘူးဆိုတာ…။
စာအုပ်တွေမှောက်လျက်အနေအထားကနေ
အပေါ်အဖုံးကိုကြည့်ပြီး ဆရာမက ပြောလိုက်တာမို့ ကျွန်မတို့အားလုံးလည်း ဇဝေဇ၀ါ ဖြစ်သွားရပါတယ်။ နေ့တိုင်းလည်း ဒီစာအုပ်နဲ့ပဲ လေ့ကျင့်ခန်း လုပ်နေတာပါ။
ဘယ်သူကများ စာအုပ်အသစ်ထုတ်ပြီး နာမည်မတပ်မိတာလဲလို့ သူသူ ကိုယ်ကိုယ် တစ်ယောက်စီကို
လိုက်ကြည့်မိလိုက်ပါတယ်။
အဲ့ဒိအချိန်မှာပဲ..
ရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျွန်မသူငယ်ချင်းရဲ့ ခပ်တိုးတိုး အသံလေးက ထွက်လာပါတယ်။
“အဲ့ဒါ တီချယ့်
စာအုပ်ကြီးမလား….“
မ၀ံ့မရဲပြောလိုက်တဲ့
သူ့လေသံလေးကို တီချယ်ကြားသွားလောက်ပါတယ်။ ခုနက ဆူနေတဲ့ဟန်ကနေ တီချယ် မသိချင်ယောင်ဆောင်လိုက်ပြီး
ကျန်တဲ့စာအုပ်တွေကို အမှတ်ဆက်ခြစ်နေလိုက်ပါတယ်။
စာသင်ချိန်အားလုံးပြီးတဲ့အခါ
ကျွန်မတို့က အဲ့ဒိအကြောင်းကို ပြန်ပြောပြကြရင်း… ကိုယ်စီအတွေးတွေကတော့.. ရင်ထဲမှာ တစ်ခုစီ
ရသွားတာကတော့ အမှန်ပင်။ ကိုယ်က ကျောင်းသားဘ၀ကိုး………….။
ဟော..
ခုတော့ ကျွန်မ
တီချယ့်နေရာကို ရောက်လာပြီလေ။ မှတ်မှတ်ရရ ကျွန်မလည်းပဲ သင်္ချာ လေ့ကျင့်ခန်းတွေကို အမှတ်ခြစ်နေတုန်း
နာမည်မထိုးထားတဲ့ စာအုပ်ကိုလဲ မြင်ရော… စာအုပ်ကို ကိုင်မြှောက်ပြီး မေးလိုက်တဲ့ ဟန်က
တီချယ့်အတိုင်းပါပဲ…။
လူနည်းစုသာရှိတဲ့
ကျွန်မရဲ့ ကျူရှင်ဝိုင်းလေးမှာတော့ ခဏချင်းပဲ အဖြေက ပေါ်လာပါတယ်။ အဲ့ဒါလည်းပဲ ကျွန်မရဲ့
မှတ်စု စာအုပ်လေးပါ။ အရင်တုန်းက စာအုပ်တွေလို နာမည်ထိုးစရာသီးသန့် အကွက်လေးတွေ မပါတဲ့
ရုပ်ပြအစုံနဲ့ စာအုပ်မှာတော့ ကျွန်မက အတွင်းပိုင်းက စာရွက်တစ်ရွက်မှာပဲ သင်္ကေတ တစ်ခုခုနဲ့
ရေးမှတ်ထားမိ လိုက်တာပါ။ ကျွန်မရဲ့ သတိမေ့ ပေါ့လျော့မှု့ကြောင့်ပေါ့………။
ဟော…ခုတော့
ကိုယ်က ဆရာဖြစ်နေပြီလေ…………။
“ ဆောရီး……….တီချယ့်စာအုပ်ကြီး”
ဟု ခပ်ပြုံးပြုံးနဲ့သာ…………..