ကဆုန်လပြည့် ဗုဒ္ဓနေ့

ဒီနေ့က လပြည့်နေ့ဆိုတော့ သူဇာလေးတို့ရဲ့ ဆွမ်းလောင်းအသင်းလဲ တာဝန်ကျလို့လာပြန်ပီလေ။ ကဆုန်လပြည့်နေ့လည်း ဖြစ်တာကြောင့် မိုးကခပ်အေးအေးရယ်။ မနက် 1 နာရီလောက်ကတည်းက တစိမ့်စိမ့်ရွာနေတဲ့ မိုးကြောင့် ဆွမ်းလောင်းတဲ့နေရာမှာ အခက်အခဲများ ရှိလေမလားလို့ ကျွန်မတို့တွေ စိုးရိမ်ကြပါသေးတယ်။ နံနက် 4 နာရီလောက်မှာတော့ ခပ်ဖွဲဖွဲကျနေတဲ့ မိုးစက်လေးတွေအောက်မှာ ကျွန်မတို့ရဲ့ မင်္ဂလာဈေး ဆွမ်းလောင်းအသင်းရဲ့ ဆွမ်းလောင်းလှူပွဲကြီးက စတင်ပါတယ်။

ကျောင်းပေါင်း 100 ပင့်ဖိတ်ထားပေမယ့် တချို့ကျောင်းတွေက အကြောင်းကြောင်းကြောင့် မရောက်လာနို်င်ဘူးလေ။ ဒီတစ်ပတ်တော့ ကျောင်း 20 လောက်မလာတော့  သံဃာပါးရေလည်း နည်းတယ် လေ။ စာရေးတံမဲကျတဲ့ ကျွန်မရဲ့တာဝန်ကတော့ အရမ်းကို စေ့စပ်ရပါတယ်။ မဲပေါင်း ၄၀ ကျော်ကို အမှားအယွင်းမရှိအောင် လုပ်ရတာမို့လည်း ဂရုပြုမှုအားလည်းကောင်းရပါတယ်။

သံဃာပင့်၊ ဆွမ်းခပ်၊ ဆွမ်းဟင်းချိုင့်၊ ဆွမ်းဆန်အိတ်တာဝန်၊ သံဃာကြွစာရင်းမှတ် စသည် စသည်ဖြင့် ယောင်္ကျားလေးများရဲ့ တာဝန်တွေကလည်း ကိုယ်စီကိုယ်စီပါ။ မိုးရွာလျှင်လည်း မိုးရေထဲမှာ… နေပူရင်လည်း နေပူထဲမှာ…..။

ဆွမ်းလာလောင်းကြတဲ့ ဧည့်သည်တွေရော ဝေယျာဝစ္စ သမားတွေတွက် နံနက်ခင်းအာဟာရအဖြစ် ဒီတစ်ပတ်တော့ နို့စိမ်းခေါက်ဆွဲပါ။ နံနက် ၅ နာရီကျော်ကျော်ဆိုရင်တော့ ဆွမ်းလောင်းတာ အားလုံးပြီးပါပြီ။ ဧည့်သည်တော်တွေကို ဦးစွာ ဧည့်ခံပြီးပြီဆိုရင်တော့ ကျွန်မတို့အလှည့်ပေါ့။

စားကြသောက်ကြ ဆေးကြ သိမ်းကြနဲ့ မိမိတို့တာဝန်ကျရာ နေရာအသီးသီးမှာ အလုပ်တွေက ကိုယ်စီကိုယ်စီ။ တာဝန်တွေအားလုံးပြီးရင်တော့ ရွှေတီဂုံစေတီတော်မြတ်ကြီးဆီသို့ သူငယ်ချင်းတွေ အားလုံးစုပြီး တပျော်တပါး စုကာသွားကြတော့တာပေါ့။

အဖိတ်နေ့တိုင်း လပြည့်လကွယ်တိုင်း တာဝန်တစ်ခုကို ထမ်းဆောင်းရင်း ဘုရားဖူးရတာမို့လည်း ပိုပြီးကြည်နူးရပါတယ်။

ဒီနေ့တော့ ကဆုန်လပြည့်နေ့ဖြစ်တာကြောင့် ရွှေတီဂုံဘုရားပေါ်မှာ ဘုရားလာဖူးတဲ့သူတွေနဲ့ စည်ကားလို့ နေပါတယ်။ နံနက် 9 နာရီလောက်မှ ညောင်ရေသွန်းလောင်းပွဲက စတင်မှာမို့ ကျွန်မလည်း အလုပ်ကတစ်ဖက်နဲ့ ဆိုတော့ မစောင့်နိုင်တော့ဘူးလေ..။

ဘုရားပေါ်ကကြည်နူးဖွယ်မြင်ကွင်းတွေကို အားပါးတရကြည့်ရင်း ကျွန်မရဲ့ ကြည်နူးစိတ်ကလေးကတော့ ဒီနေ့ ကဆုန်လပြည့်နေ့မှာ အားရစရာပါ။  ဗောဓိညောင်ပင်ကို ရေလောင်းဖို့ စောင့်နေကြတဲ့သူတွေရဲ့ကြည်နူး အပြုံးကိုလည်း အားပါးတရ မြင်ခဲ့ရတဲ့ ဒီနေ့တစ်နေ့တာရဲ့ မနက်ခင်းလေးကတော့ စိတ်ချမ်းသာစရာ အကောင်းဆုံးပင်……။
ဘယ်နေရာကြည့်ကြည့် ညောင်ရေသွန်းလောင်းပွဲကို ပျော်ရွှင်စွာ ဆင်နွဲကြတာမို့ ဒီနေ့ဒီရက်ကတော့ ကြည့်နူးမှုတွေနဲ့ ပြည့်ဝေနေပါသတဲ့ရှင်…..။


Posted by စိမ့်စမ်းရေ on Saturday, May 5, 2012