အသိခက်ခဲ...နက်နဲပုစ္ဆာ

“ ဟေ့ရောင်.. စောလှကြည်လားကွ....”
“ စောလှကြည် မဟုတ်ပါဘူးကွာ.. .ခင်လှကြည်ပါ..... ”
“အေးပါ...အေးပါ..”

တစ်ဖက်ခြမ်းက ဆိုင်မှာ အလုပ်သမားဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်းကို လှမ်းနှုတ်ဆက်လိုက်ရင်း.. ကိုယ့်ဆိုင်ကို ဆက်ပြီး ခင်းနေလိုက်ပါတယ်။
တခြားဆိုင်တွေထက် ဖွင့်တာ စောပေမယ့် ဒါကို ကျွန်တော့ ဘယ်တော့မှ မညည်းညူမိဘူးလေ...။ ကားစီးရတာ အဆင်ပြေတာပေါ့။ သိပ်မကျပ်တော့ဘူး။

လုပ်ဖော်ကိုင်ဖက်အချင်းချင်း စ. နောက် ..ပြောင် ရင်းနဲ့ပဲ.. ကျွန်တော်တို့တွေရဲ့ တစ်နေ့တာ ကို အစ ပျိုးရပါပြီ။ မိုးလင်း မိုးချုပ် ဒီမျက်နှာတွေသာ
မြင်နေ၇တာမို့ ညီကိုရင်း တမျှလည်း ဖြစ်ရပါတယ်။ ဘ၀တူ ၀န်ထမ်းအချင်းချင်းမို့လည်း အားလုံးရဲ့ ကျင်လည်ရာက.. ဒီနေရာ ဒီဈေးထဲမှာ...........။

ယောင်္ကျားလေး ၀န်ထမ်း တိုင်းက အထမ်းအပိုးတွေများပါတယ်။ နဖူးကချွေးလောက်ကတော့ လုံးဝကို စာမဖွဲ့၊ ပခုံးထက်က လွယ်ထားရတဲ့
ပစ္စည်း ( weight ) တွေကြောင့် သိုင်းထားတဲ့ ကြိုးက အသားထဲတောင် မြုပ်လုပေါ့။ ဈေးဝယ်လာသူများကြား ပြေးရင်း လွှားရင်း ပခုံးထက်က
ဝန်ထုတ်ကို မနိုင်နိုင်အောင် ထမ်းရင်းကပဲ ကျွန်တော့်ဘ၀ စခဲ့ရတာ..။ အတန်းပညာ ၇ တန်းကတည်းက ကျောင်းနဲ့ ကမ္ဘာခြားသွားပေမယ့် အရောင်းအ၀ယ်
တွေတော့ အကုန်နီးပါးကို ကျွမ်းကျင်နေပါပြီ။

ရောင်းရေးဝယ်တာတွေအပြင် ပြောဆို ဆက်ဆံပုံတွေကတော့ ဘွဲ့ဒီဂရီ ရထားသလိုပဲလေ..။ ဈေးဝယ်သူ အလိုက်အထိုက်ကတော့
ဘယ်လိုလူကို ဘယ်လိုဆိုတာ သင်မပေးရဘဲကို တတ်လာတာ။ ပြီးတော့.. တစ်ခု ရှိသေးတယ်.. အဲဒါဘာလဲသိလား... သည်းခံခြင်းပေါ့....
သည်းခံခြင်း... အဲ့ဒါကတော့ ကျွန်တော့ရင်ဘတ်နဲ့ကို အပြည့်ဗျာ...။

ညနေစောင်းပြီဆိုရင်တော့ ဆိုင်ရှင် အန်တီ ကမ်းပေးတဲ့ တစ်နေ့စာ လုပ်အားခကတော့ တစ်ကယ့်ကို ချွေးနဲစာ အစစ်ပါ။ အဲ့ဒိ ငွေလေးကို
အိမ်အရောက် သယ်၇တာ သိပ်တော့မလွယ်ဘူး... ကားက အရမ်းကြပ်တာ။ ခါးပိုက်နှိုက်တွေကလည်း ပေါဆိုတော့... မလွယ်တာမှ တစ်ကယ့်ကို မလွယ်...။

ကျွန်တော်ရောင်းရတဲ့ ပစ္စည်းတွေက အ၇မ်းပျော်ဖို့ကောင်းတာ..။ ဘာတွေလဲ သိချင်လား.. ပြောပြမှာပေါ့..။
“............”
မင်္ဂလာလက်ဖွဲ့ ပစ္စည်း အရောင်းဆိုင် ”

အဲ့ဒိ ဆိုင်က ကျွန်တော့ရဲ့ဆိုင်ပေါ့။ သိပ်မခမ်းနားတဲ့ ဒီ ဆိုင်းပုဒ်လေးကို ကျွန်တော်ပဲ အရောင် ရွေးပေးထားတာ။ ဆိုင်ကျဉ်းကျဉ်းလေးပေမယ့်
အရမ်းချမ်းသာပါတယ်ဆိုရင် ဘယ်သူယုံမလဲဗျာ...။ လက်လီ ၊ လက်ကား ဖြန့်နေတာမို့လည်း အရောင်း မသွက်တဲ့ နေ့ကို မရှိတာ။ သူများတွေလို
၂ ခန်း၊ ၃ ခန်းစာ မဟုတ်ဘဲ ရုပ်ပြအဖြစ် တစ်ခန်းပဲထားပြီး ဂိုဒေါင် ကနေပဲ ထုတ်ရောင်းတာဆိုတော့လည်း သာမာန် မျှ သာလို့
အများက ထင်ချင်စရာ....။

ပစ္စည်းမှန်ခြင်း၊ စကားပြောဖော်ရွေခြင်းနဲ့ ဈေးနှုန်းမှန်ခြင်းကြောင့်လည်း ဈေးဝယ်သူတွေ သဘောကျနေတာ။ ကျွန်တော်လည်း
ဝန်ထမ်းတစ်ယောက်အနေနဲ့ ပျော်ရပါတယ်။ ဖော်ရွေတဲ့ အလုပ်ရှင်ဆီမှာ မပြတ်တဲ့ အလုပ်တွေလုပ်နေရတာမို့ လူပင်ပန်းပေမယ့် စိတ်မပင်ပန်းတာတော့
အသေအချာပင်.။

နေ့လည်နေ့ခင်း လူပါးချိန်ဆို... အမေပွားဆီမှာ ကြိုက်တာစားလို့ရသေးတယ်လေ။ မုန့်ဟင်းခါးတို့၊ အသုတ်စုံတို့လေ။ အထမ်းသမားတွေဆိုတော့ ၀မ်းက ထည့်သလောက်
ကို မလောက်တာ။ ဘယ်လောက်စားစားလည်း ပြည့်တယ်လို့ကိုမရှိ။ အော်.. တစ်ခါတစ်လေများ ကျွန်တော် စဉ်းစားမိတယ်... ဒီဆိုင်မဟုတ်ဘဲ
တစ်ခြားဆိုင်သာဆိုရင် ခုလိုမျိုး နေရ ၊ စားရ ပါ့မလားလို့တောင် တွေးမိတယ်။ ဈေးပိတ်တဲ့ ဥပုသ်နေ့က ကျွန်တော်အပျော်ရဆုံးပေါ့။ အလုပ်ပိတ်
လို့တော့ လုံးဝကိုမဟုတ်... အဲ့နေ့က ဂိုဒေါင်ထဲက ပစ္စည်းတွေကိုဆိုင်ကို သည်ဖို့ ထုတ်ရတဲ့နေ့လေ....။ ထမင်းလဲစားရတယ်။ လုပ်အားခက ၃ ဆ
တောင်ရတာ။ ဘယ်မှာမပျော် ရှိပါ့မလဲ။ ဒါ့ကြောင့်ပြောတာ... ကျွန်တော့အလုပ်ရှင်တွေက သဘောကောင်း ၊ မနောကောင်း ပါလို့.........။

“ ဟူး.... ”
“ ဟဲ့.. မောင်တိုး.. နင်ဘာဖြစ်လာတာလဲ တရှူးရှူး နဲ့ ”
“ ဘာဖြစ်ရမှာလဲ စာရေးမရ.. ကားကျပ်တာပေါ့.. ကားကျပ်တာ...”
” အော်.... နေ့တိုင်းကျပ်နေတာကိုပဲ... ဒါများ.. အဆန်းလုပ်လို့ ............. ဟဲ့.. ဒီနေ့ ဦးလေးလိုက်လာမှာနော်...”
“ ဟုတ်လား.. အိမ်မှာမနေဘဲ ဘာလာလုပ်မလဲမသိဘူး..”

စာရေးမကို ပခုံးတစ်ချက် တွန့်ပြလိုက်ရင်း.......ဆိုင်ကိုသာ ခင်းနေလိုက်ပါတယ်။ မနက်ဖန်က ဥပုသ်နေ့ဆိုတော့ ဒီနေ့က ရောင်းအားကောင်း
တတ်တယ်လေ။ လူကလည်း ပိုများတတ်သည်လေ။
အပြစ်မရှိ အပြစ်ရှာတတ်တဲ့ ဦးလေးက ကျွန်တော်နဲ့ သိပ်မဆုံဖြစ်။ ခရီးထွက်နေတာများတာကော ၊ ကျန်းမာရေးအရ သိပ်မလာဖြစ်တာ။
အန်တီနဲ့က ပြသနာမရှိဘူး အလုပ်ရှင်အလုပ်သမား လက်တွဲလုပ်လာတာ ၃ နှစ်ကျော်တောင် ဆိုတော့လည်း ကိုယ့်တာဝန်၊ ကိုယ့်အလုပ်ကို ကိုယ်သိ၊
ကိုယ်ကျေ ပြီးရောလေ။

“ အမ ကျွန်တော် ဟိုဘက်ခဏ..”
“ အင်း.. ဟဲ့.. သိပ်မကြာစေနဲ့နော်..်”
” အင်းပါ.. 50 သွားတယ်သာပြောလိုက်နော်...”

*****--------*******-------

“ အန်တီ ဘာလိုချင်လို့လဲကြည့်ပါ။ ဒီမှာ ပစ္စည်းတွေစုံပါတယ်ခင်ဗျ ”

ဟိုလှည့်၊ ဒီလှည့် ပတ်နေတဲ့ ဈေးဝယ်သူကို ကျွန်တော်တို့က သဘောပေါက်ပြီးသား.. ။ ဒါက ပြန်ရောင်းမယ့်သူမဟုတ်။ လိုချင်တာ
၁ခု ၂ ခုလောက်ကို လာကြည့်တဲ့သဘော။ ဖောက်သည်ဈေးနဲ့ ရတော့လည်း သူတို့အတွက် ကံကောင်းတာပေါ့။ ဒါပေမယ့်လည်း အလိုက်အထိုက်ပေါ့လေ။
မျက်နှာကို တော့ အတက်နိုင်ဆုံး ပြုံးထားရတာ။ ၀ယ်နေကျ ဖောက်သည်တွေကတော့ ပြောစရာကိုမလို။ လိုချင်တဲ့ပစ္စည်းစာရင်းကို ဖုန်းနဲ့ မှာချင်မှာ
စာရွက်နဲ့ လာပေးရင်ပေး။ လက်လီဝယ်တဲ့သူတွေကိုသာ စိတ်ရှည်၇တာ။ ဆိုင်ရှင်နှစ်ယောက်ကလည်း ဆိုင်ပေါ်မှာဆိုတော့ ကျွန်တော်တို့ နှစ်ယောက်
က လည်း တစ်ယောက်တည်းသော ဈေးဝယ်သူကို ဂရုတစိုက်ပေါ့။

“ သားရေ.. အန်တီက ရေနွေးကရားအိုး အညိုရောင်လေး လိုချင်လို့ ကြည့်နေတာပါကွယ်.. မတွေ့ဘူးနော်..”
“ အော်.. အဲ့ဒါလား.. ပစ္စည်းပြတ်နေတာ အန်တီရ. . တခြားပုံစံတူလေးတွေယူပါလား..”
“ ရတယ်သား .ရတယ်. .အန်တီက အစားပြန်ပေးရမှာမို့နော်.. ဒါနဲ့ တခြား ဘယ်မှာများရမလဲကွဲ့ ”

“ အော်.. ဒါဆိုရင်.. ဟိုဘက်ခြမ်းက ဆိုင်ကိုသွားကြည့်လိုက်နော်.. အဲ့မှာလည်း ပစ္စည်းစုံတယ်.. ”
“အေးအေး..သား ”

တလှုပ်လှုပ်နဲ့ ထွက်သွားတဲ့ အန်တီကြီးကို လိုက်ကြည့်နေရင်း အဆင်များပြေသွားလားဆိုပြီး ကျွန်တော်လည်ပင်း ရှည်ကာ
မျှော်ကြည့်လိုက်ပါသေးတယ်။ ခဏကြာတော့ နယ်က ဖောက်သည်ရောက်လာတာနဲ့ ကျွန်တော်တို့လည်း ထုံးစံအတိုင်း အလုပ်တွေ ရှုပ်ကုန်တော့တာပဲ..။
“ အားပါး ပါး ဒူးတွေတောင်ချောင်ကုန်ပြီ ထင်တယ်..”
ကားဂိတ်အထိ ထမ်းပို့ပေးရတဲ့ ကျွန်တော့တာဝန်ကလည်း မသေးပေ။ အပြန်မှာတော့ ခုနက လမ်းညွှန်လိုက်တဲ့ ဆိုင်ဘက်ကနေ ပတ်ပြီး ပြန်လာ
လိုက်တယ်။
” ဟေ့ရောင်. .ခုနက အန်တီကြီး လာတယ်မလား ... အဲ့ဒါ ငါ လွတ်လိုက်တာ..”
“အေး...အေး”

စကားပြန်တောင်စောင့်မနေတော့ဘဲ ကိုယ့်ဆိုင်ကိုသာ အမြန်ပြေးလာလိုက်ပါတယ်။ တော်ကြာ နောက်ထပ် ၀ယ်သူရောက်နေရင် ကျွန်တော့်ကို
စောင့်နေမှာလေ။ ဆိုင်သိမ်းချိန်ကလည်း နီးပြီဆိုတော့ ကျော်ခွ ပြေးလွှားသာ လာလိုက်ရပါတယ်။

*****--------************

“ ရော့ မောင်တိုး..”
ပြောလက်စ စကားအဆုံးမှာ ကမ်းပေးလာတဲ့ ဒီနေ့ရဲ့ လုပ်အားခကတော့ အတော်ကလေး ပူလောင်လှတယ်လို့ ကျွန်တော်ထင်မိတယ်။
ပြားကပ်ကပ် အိပ်ထဲ ရောက်ရှိနေပေမယ့် ဒီနေ့တော့ ဒီငွေကို ကျွန်တော်မယူချင်မိတော့ပေ။ ခါတိုင်းနေ့တွေလို ကားခသပ်သပ် ထုတ်မပေးတဲ့အပြင်
ဂရုစိုက်သွားဆိုပြီး အမြဲပြောနေကျ စကားလေးတောင် မပြောဘဲ ဟိုဘက်ကိုသာ လှည့်နေတဲ့ အန်တီကိုလည်း နားမလည်နိုင်ပါ။

ဈေးဝယ်သူကို တခြားဆိုင်ညွှန်ပြပေးလိုက်လို့ ဆိုတဲ့ အပြစ်က ဒီလောက်တောင် ဖြစ်စရာလားလို့ ကိုယ့်ဘာသာ မယုံနိုင်ဘဲ ကြောင်တောင်တောင်သာ
ဖြစ်နေမိပါတယ်။ လေးပင်တဲ့ခြေလှမ်းတွေကတော့ အိမ်အပြန်တွက်တော့ အားတွေတောင် မရှိတော့ပေါ့။

“ဟေ့ရောင်.. မင်း မျက်နှာလည်းမကောင်းပါလားကွ.. ”
“ ဘာမှမဟုတ်ပါဘူးကွ..... လာကွာ. ငါတို့ တံတားပေါ်ကနေလမ်းလျောက်ပြန်ကြမယ် ”

ညနေခင်းလေတဖြူးဖြူးလေးနဲ့ သူလို ကိုယ်လို လမ်းလျောက်တဲ့ သူတွေလည်း အများကြီးလေ. တစ်နေ့တာရဲ့ စိတ်လွတ်လပ်မှုက
အိမ်အပြန်ပဲလေ..။ အချင်းချင်း ပြောနေကျ စကားလုံးတွေက ကြားနေကျပေမယ့် ဘယ်တော့မှ မရိုးသွားဘူး ...။

“ ဟူး............ ” လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း... နားထဲပြန်ကြားမိတာတော့ ခံရခက်တဲ့ စကားလုံးတွေ.....။ ယောက်ျားကြီးတန်မဲ့ ပြောထွက်တဲ့
ပညာတတ်ဦးလေးက အော်......... ဒီလိုပါလားလို့..။
“ အေး.. နောက်တစ်ခါဆို.. မင်းကို အလုပ်ထုတ်ပြစ်မယ် ” တဲ့... ကျွန်တော်က ဟားတိုက်ပြီးတောင် ရယ်လိုက်ချင်ပါသေးတယ်..... တခြားအလုပ်
တွေမှ ပေါလို့.....။

“ ဟား ဟား ဟား ”
“ ဟေ့ရောင်..မင်း ဘာအရူး ထ တာလဲကွ..”

ဘာမှမဟုတ်ဘူး.. ဟေ့ရောင်..ငါတို့ တံတားပေါ်ကို ဘယ်သူအရင်ရောက်ရောက်ပြေးမယ်ကွာ..... လာကွာ..
1........2.............3.........

ဟေး..........ဟေး..

ကမ္ဘာကြီးက နေတတ်ရင် ကျေနပ်စရာကြီးပါဗျာ...။ အတွေးဆိုတာ ဖျောက်ဖျက်ပြစ်ရတယ်တဲ့... ဘာမှ မတွေးတော့တဲ့ စိတ်က အရမ်းလွတ်လပ်တာ
အိမ်ရောက်ရင်တော့ ဒီနေ့ရဲ့ ပုစ္ဆာကို မိသားစုတွေ ၀ိုင်းပြီးတော့ စဉ်းစားကြရတော့မှာ...။ အဖေကတော့ သားကို မေးခွန်းတစ်ခု သယ်လာတယ်ဆိုပြီး
ချီးကျူးသံတွေတော့.... ကြားရတော့မယ်ဆိုတာ... ကျွန်တော်ကိုယ်တိုင်ပဲ သိနိုင်ပါတော့တယ်...။

ဒါပဲလေ.... ကျွန်တော်သင်နေတဲ့.. ဘ၀စာသင်ကျောင်းဆိုတာ.................။


ကြိုးစားပါဦးမည်
သူဇာလေး ( စိမ့်စမ်းရေ)
6.3.2012 ( 4 : 30 pm )

Posted by စိမ့်စမ်းရေ on Tuesday, March 6, 2012

1 Responses to အသိခက်ခဲ...နက်နဲပုစ္ဆာ

  1. သိပ်ကောင်းတယ် post အားလုံးပဲ
    ကျေးဇူးလည်းအများကြီးတင်ပါတယ်

     

Post a Comment