ဒီနေ့မှ ထူးထူးခြားခြား သတိ၇နေမိတာ..ညကလည်းတော်တော်နဲ့ အိပ်မပျော်ဘဲ ဒါကိုပဲ ထပ်ခါထပ်ခါ.. သတိရနေတာ.. .။ ရုတ်တရက် ကြည့်လိုက်မိတဲ့ ပြက္ခဒိန်ကိုတော့ ကျေးဇူးတောင်တင်ရမလိုလို..
“အော်.. ဟုတ်သားပဲ.....ဒါ့ကြောင့်ထင်ပါတယ်..”
အာမေဋိတ်သံတစ်ချို့လွင့်စင်ကျသွားပေမယ့်... သိပ်တော့မထူးခြားမိတာ.အမှန်ပင်...။
“ အင်း..ဒီနေ့က မိတင်မြ ဆုံးတာ ၆ နှစ်ပြည့်တဲ့နေ့ပဲ..... ဒါ့ကြောင့် ထူးထူးခြားခြား သတိတရဖြစ်နေတာပဲ” ဟု ဘာသာတွေးမိနေတယ်..။
ကျောင်းသွားဖို့ပြင်ဆင်နေတဲ့ သမီးလေးကတော့ သူ့အမေကိုရည်စူးပြီး ဘုရားပန်းတွေကပ်နေလေရဲ့...။ အသက် 10 နှစ်ကတည်းက ဆုံးသွားတဲ့မေမေကို သမီးလေးသိပ်တော့မရင်းနှီးလိုက်ရပါ။
အင်းလေ... မိတင်မြကလည်း... ခပ်ဝေးဝေးမှာနေတာမလား...။ ကလေးတစ်ယောက်နဲ့သူ့ကိုထားခဲ့ပြီး ထွက်သွားတဲ့သူ့မိန်းမကို သူအပြစ်မတင်ရက်ပါ.... အော်... ပြီးတာလဲ.ပြီးခဲ့ပါပြီလေ...။
“ သမီးရေ..နောက်ကျမယ်..”
“ဟုတ်ကဲ့ဖေကြီး..”
“ညနေကျ စောစောလာနော်..”
“အေးပါ... စိတ်ချ ဖေကြီးနောက်မကျစေရဘူး..”
ကျောင်းဝတ်စုံလေးနဲ့ပြေးထွက်သွားတဲ့သမီးက သူ့ဘ၀ရဲ့အားအင်ပါ.. အဖေဆိုလည်းဟုတ်၊ အမေဆိုလည်းဟုတ်နဲ့ သူထိန်းကျောင်းလားရတာ..။ မွေးသာမွေးခဲ့ပြီးတာဝန်မကျေတဲ့
အမေကိုလည်း အပြစ်တစ်ခွန်းမှပြောတဲ့ သမီးရဲ့သိတတ်မှုကိုလည်း သူ အသိအမှတ်ပြုရပါတယ်..။ အင်းလေ... ကိုယ်က လူဆိုးဖြစ်ခဲ့တာကိုး...။
တစ်နေ့လုံး အလုပ်လုပ်ရတာလည်း အဆင်မပြေ။ နှစ်စဉ်နှစ်တိုင်းဖြစ်နေကျဆိုသလို..တစ်ရေးရေးမြင်ယောင်မိနေတဲ့ စိတ်အစဉ်က ထိန်းချုပ်ဖို့ရာခက်လာတယ်....
တစ်စုံတစ်ခုကို လွမ်းတဲ့ဝေဒနာကို ဖြေဖျောက်ဖို့ကသိပ်တော့မလွယ်... အသံအကျယ်ကြီးအော်ငိုလိုက်ချင်ပေမယ့်..
မဖြစ်နိုင်ပါဘူးလေ..ဆိုပြီး ပြန်လည်ထိန်းချုပ်ရင်း... ထိုင်နေကျဆိုင်ကိုသာ...လှမ်းမိလိုက်တော့တယ်.....။
ခါတိုင်းထွက်လာနေကျအချိန်ထက် စောပြီး လမ်းထိပ်ကဆိုင်ကို ရောက်နေတာ..။ ဟာတာတာရင်က အစာဖြည့်လိုက်တော့မှ ထပ်တောင်းနေသေး..။ ခါးသီးတဲ့အဖြစ်အပျက်တွေကို အရည်တွေနဲ့
ရောပြီး မျိုးချပစ်လိုက်တယ်...။ ရုတ်တရက်ပြေးဆင်းလာတာ ဘာလဲလို့ကြည့်လိုက်မိတော့.. မျက်ရည်တွေပါလား..။
ပါးပြင်ပေါ်ပူခနဲ့ဖြစ်သွားတော့မှ.. မျက်လုံးအိမ်ထဲက ပြေးဆင်းလာတဲ့ မျက်ရည်စတွေကို လက်ဖမိုးနဲ့ အသာသုတ်လိုက်ရပါတော့တယ်...။
“ ဟာ ဦးမောင်..များနေပြီနော်..”
“ရတယ်..”
“တော်ကြာ မထနိုင်ဖြစ်နေမယ်နော်..”
“အေးပါ .ငါသိပါတယ်ကွ”
ဟုတ်တော့လည်းဟုတ်သည် သည်လူကြီးက သတိတော့ရှိသည်။ ကြိုက်လို့သောက်ပေမယ့် ဘယ်တော့မှ ရန်မရှာ.. သတ်မှတ်ထားတဲ့ လစ်မစ် ရောက်ရင် သူ့တာဝန်ပြီးပြီ..။ ပုံမှန်နေ့တိုင်း
ဖောက်သည်ဆိုတော့လည်း အချင်းချင်းက ပြောစရာမလိုအောင် ရင်းနှီးနေပြီလေ...။ သောက်ပြီးတာနဲ့ပုံမှန် သူ့သမီးလေးကို သွားကြိုသည်.... ဒါက သူ့တာဝန်...။
“သွားပီင့ါကောင်ရေ...“
“ဟုတ်ကဲ့.ဟုတ်ကဲ့..ဦးလေး..”
*****------------*****-------------*******
ဦးဘမောင် ခပ်သွက်သွက်လေး လျှောက်နေမိတယ်...။ ဒီအချိန်ဆို သူ့သမီးလေးမျှော်နေလောက်မယ်ဆိုတာ...သူသိထားလို့.. ။ သူသိပ်ချစ်ရတဲ့ သမီးလေး နှုတ်ခမ်းစူ
မှာတော့ သူမခံနိုင်..။ ယိုင်တိုင်တိုင်ခြေလှမ်းတွေက နောက်ပြန်ဆွဲနေသယောင်...။ တစ်ချက်ပြီးတစ်ချက်၊ တစ်လှမ်းပြီးတစ်လှမ်း နင်းလိုက်တဲ့ ခြေလှမ်းတွေက မြေကြီးနဲ့
မထိသလို ခံစားနေရတယ်.. ငါ ဘာ တွေဖြစ်နေတာလဲလို့...ကိုယ့်ကိုကိုယ် အခါခါပြန်မေးမိပေမယ့်.. ဘာစကားသံမှ ထွက်မလာ....။ ယောင်ချာချာ အတွေးများသာ ပျော်မြူးကုန်ကြတယ်..။
လေအဝှေ့မှာ သိမ့်ခနဲ့အေးသွားမှု့ကို ခံစားရတော့မှ အပေါ်အင်္ကျီကျန်ခဲ့မှန်း ခုမှပြန်သတိရမိတယ်..။ ဆိုင်ကလည်း အတော်ကလေးလှမ်းခဲ့ပြီဆိုတော့လည်း ပြန်လှည့်၍ မဖြစ်တော့..ခုတောင် နောက်က
ကျနေပီ...။ သမီးဆီရောက်ဖို့ကလည်း နောက်ထပ် 15 မိနစ်..။ ဖေကြီးနောက်ကျတယ်ဆိုပြီး. စိတ်ကောက်ရင်တော့.. မလွယ်...။ မလွယ်တာမှ တစ်ကယ့်ကို မလွယ်တာ...။
ဒီလမ်းတွေက လျောက်နေကျပေမယ့် ဒီနေ့က ပိုဝေးနေသယောင်...။ လမ်းလျှောက်တိုင်း မြင်းကျယ် ဖိနပ်နဲ့ ခြေထောက်နဲ့ ထိသံ တဖတ်ဖတ်က စီးချက်ကျကျ ထွက်ပေါ်နေတာ..။ ဒီအသံကြောင့်လဲ
သူနဲ့ သမီးတို့ရဲ့ အချက်ပေးသံဖြစ်နေရတာ..။
ဖေကြီးရောက်ပီလား၊ မရောက်သေးလားဆိုတာ ခပ်ဝေးဝေးကတည်းက ကြားရကြောင်း သမီးက တစ်ခါပြောဖူးသည်။ ဒါ့ကြောင့်လည်း အဲ့ဒိနောက်ပိုင်းကတည်းက ဦးဘမောင်ရဲ့ ဖိနပ်သံ
ပိုကျယ်လာတာ...။
ခြေလှမ်းမှန်မှန်နဲ့ လျှောက်နေရင်းက ရုတ်တရက် ဦးဘမောင်အရမ်းလန့်သွားတယ်.... တစ်ယောက်ယောက် သူ့နောက်ကို လိုက်လာသလို...ထင်မိတော့ ချာခနဲ့
နောက်ကို လှည့်ကြည့်မိလိုက်တယ်..။ ခပ်ထွေထွေစိတ်တွေက ခေတ္တရပ်တန့်သွားသလို..... ဘေးဘီဝဲယာကို တစ်ချက်လောက် သတိထားကြည့်လိုက်မိရင်း.
မဟုတ်လောက်ပါဘူးလေ... ဆိုပြီး ကိုယ်ခြေလှမ်းကို ကိုယ်ပြန်စဖို့ပြင်လိုက်တယ်....... စိတ်မလုံသလိုနဲ့ နောက်ကို တစ်ချက်ပြန်လှည့်ကြည့်မိလိုက်တော့........
ဟိုး..ခပ်ဝေးဝေးမှာ.. လူရိပ်တစ်ခုများလား...။
မတောက်တစ်ခေါက် ဘုရားစာတွေက ဘယ်ကနေရောက်လာမှန်းမသိပေမယ့် ရုတ်တရက် အသံမထွက်တထွက်လေး ဆိုလိုက်ရုံနဲ့ အစောက သူ့စိတ်ထဲ ထင်နေတာတွေ ပျောက်သွားသလိုတော့
ရှိသား...။ တွေဝေတဲ့ စိတ်အစဉ်ကို အားတင်းပြန်ဖြည့်ရင်းကပဲ.. ချစ်သမီးလေးဆီသို့သာ လှမ်းခဲ့ရတော့တယ်...။
သမီးတို့ကျူရှင်ရှေ့အုတ်ခုံမှာ အသာထိုင်ရင်း... စာသင်သံသဲ့သဲ့ကို နားစွင့်နေမိတယ်.. တော်သေးတယ်... စာသင်တာမပြီးသေးလို့...။ သူရောက်ရှိကြောင်းတော့ သမီးလေးသိမှာအမှန်ပင်..။
တွဲလောင်းချထားတဲ့ ခြေထောက်အစုံကို ခြင်မကိုက်အောင် အသာလှုပ်ပေးနေရင်း.... ပြာလဲ့လဲ့မိုးကောင်းကင်ကိုသာ.. အဓိပ္ပာယ်မဲ့ ငေးနေမိတော့တယ်...။
“မိတင်မြရေ.. နင်တော့ လွတ်လပ်သွားပြီဟာ.... ငါ့မှာတော့ ဒီသမီးလေးနောင်ရေးအတွက်.. အမြဲပဲ..ပူပန်နေရတယ်ဆိုတာ... နင်သိနေတယ်မလား....”
“အေးလေ..နင်ကသိလဲ..မသိချင်ယောင်ဆောင်နေမှာပါ..”
“ဖေကြီး..“
“အော်.. ပြီးပြီလားသမီး.”
“ဖေကြီးနော်.. သမီးကြည့်နေတာကြာပြီ.. ဘာတွေတွေးနေတာလဲ..ပြော.. မှန်မှန်..”
“ဘာမှမဟုတ်ပါဘူးသမီးရ.. ကဲ..လာလာ.သွားကြမယ်.. အရမ်းအေးနေပြီ...”
သားအဖနှစ်ယောက် ရဲ့ အိမ်အပြန်လမ်းကတော့... ပုံမှန်မဟုတ်ပေ...။ အနည်းငယ်ယိုင်နဲ့နဲ့အဖေကို တွဲကူရင်း... အဖေ့ရဲ့ရင်ထဲက အမေ့ကိုချစ်ကြောင်းတွေ
နားထောင်ရတာ နေ့တိုင်းပင်..။ ဒါ့ကြောင့်လဲ ဖေကြီးကိုသမီးနားလည်ပေးတာပေါ့..မေကြီးကိုလည်း စိတ်မဆိုးဘူးလေ...... ခုလို နေရတဲ့ ဘ၀လေးကိုပဲ
သမီးကျေနပ်နေမိတာပါ....ဖေကြီးရယ်....။
သားအဖနှစ်ယောက်ရဲ့ခြေလှမ်းတွေနဲ့.....ဝေး၍ဝေး၍ ကျန်ခဲ့တာကတော့... ကတ္တရာလမ်းအပြင်.. အတိတ်ရဲ့အရိပ်တွေလဲ....ထပ်တူပါပဲ....။
ကြိုးစားပါဦးမည်
(သူဇာလေး) 30.1.2012
*****----------*****-----------*****------------
Posted by
စိမ့်စမ်းရေ
on
Sunday, January 29, 2012
0 comments