မိသူဇာ……..
နင်လာခဲ့…လာခဲ့ဆို…ခုလာခဲ့……
စီခနဲ့ကြားလိုက်ရတဲ့ ဒီအသံကတော့… ကျွန်မအမေရဲ့အသံပါ….. လမ်းလယ်လောက်ကနေ အော်ခေါ်နေတဲ့ အမေ့ဆီကို ကျွန်မ မ၀ံမရဲတဲ့ ခြေထောက်တွေနဲ့ အသာ ပြေးသွားမိပါတယ်…အမေ့လက်ထဲကကိုင်ထားတဲ့ တုတ်ကတော့… …တုတ်ကတော့…..
ဖြန်း….
အား ကြောက်ပါပြီ အမေရဲ့…..
နောက်ဆော့ဦးမလား…ကစားဦးမလား….. ငါ့စကားကို နားမထောင်ဘူးလား..ပြောစမ်း..
ဖြန်း….
အီး…ဟီး……ဟင့် …..ဟင့်..
ပြောလေ..ပြော…
ဟင့်..ဟင့်….
တော်ပါတော့ဟယ်…နင်ကလည်း….လာလာ..သမီးလာ….
ရှိုက်သံတွေသာထွက်လာရင်း..ဘာစကားမှပြန်မဖြေတဲ့ ကျွန်မကို အမေတော့ တော်တော်နဲ့လက်မလျှော့ပေ….။ ခဏခဏအရိုက်ခံ၇တဲ့ ကျွန်မကတော့ အရေထူနေပါပြီ……. အရိုက်ခံရတိုင်းလဲ အဖေက ၀င်ဆွဲမြဲ…..။
သူဇာ..နင်မနေ့က အရိုက်ခံရတယ်မလား….
အင်း………..
ဘာလို့ရိုက်တာလဲ….
ကိုကြီးအောင်ဌေးနဲ့ ကစားလို့…..
အမေ့ကိုမကျေနပ်ဟန် နှုတ်ခမ်းစူပြီးပြောတော့….. သူငယ်ချင်းတွေက ကျွန်မဘက်က…။ အချင်းချင်းကစားနေတာ ကျွန်မပဲ အမြဲအရိုက်ခံနေရတာ..ကြာတော့..သူတို့လည်း…ကျွန်မကို သနားလာတယ်ထင်တယ်….
အေးဟာ.. နောက်ဆို ငါတို့ သူကို မခေါ်တော့ဘူး….
ဟာ.နင်တို့ကလည်း….. အဲ့လို မလုပ်ပါနဲ့…။
*****----------*****----------
ဟေး….ကိုကြီးအရူးလေးလာပြီ…
လမ်းထဲက ကလေးတွေအော်သံကြောင့်.. အမေကခေါင်းထောင်ကြည့်လိုက်ပါတယ်….. ထမင်းစားနေတဲ့ကျွန်မကို… တစ်ချက်လှမ်းကြည့်လိုက်ပြီး…. သွားကစားရင် နာမယ်ဆိုတဲ့ပုံစံနဲ့… လှမ်းပြောနေသယောင်….။
ထမင်းစားခြင်းကို အမြန်လက်စသတ်လိုက်ပြီး… စိတ်က လမ်းထဲကိုပဲရောက်နေမိတယ်…. ဘာတွေများပါလာမလဲ..ကစားစရာတွေလား…. စားစရာတွေလား……။ အိမ်ပေါ်တက်လိုက်…အောက်ဆင်းလိုက်နဲ့… ကျွန်မ တစ်ကယ့်ကို ဂနာမငြိမ်……
အဲ့ဒိနေ့က ကျွန်မ… အိမ်ပြင်ကိုတောင် မထွက်လိုက်ရဘဲ…တစ်နေ့တာကို..ကုန်ဆုံးခဲ့ရတယ်လေ…။
ကိုကြီးအရူးလေးဆိုတာ.. ကလေးအများစုခေါ်တာပါ.. ကျွန်မကတော့ သူ့မှာနာမည်ရှိတာမို့..သူ့နာမည်ကိုပဲ အမြဲခေါ်လေ့ရှိပါတယ်…။
မိဘနှစ်ပါးရှိပေမယ့် စွန့်ပြစ်ခြင်းခံထားရတဲ့ ကိုအောင်ဌေးက အသက်တော့ ကျွန်မတို့ထက်အများကြီး ကြီးပါတယ်…။ လမ်းဘေးနေ လမ်းဘေးစားဘ၀နဲ့ ကြီးပြင်းခဲ့တာမို့လည်း ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ.. ရူးတူးတူးပေါတောတောနဲ့ပါ.. သူ့အပေါင်းအသင်းကတော့ ကျွန်မတို့လမ်းထဲက ကလေးတွေ…။. လမ်းထိပ်က မီးကင်းစောင့်ကင်းတဲက သူ့အိမ်…. ရေမချိုးပဲ ညစ်ပတ်နေတဲ့လက်တွေနဲ့ စားစရာလည်းစား.. သောက်စ၇ာလည်းသောက်ဆိုတော့..အနာတွေလည်းရှိပါသေးတယ်…
ဘယ်မိဘကမှ သူနဲ့ကစားတာကို မကြိုက်ပေမယ့် သူကလည်း ဒီလမ်းထဲပဲ သံယောဇဉ်ရှိတာမို့.. ဘယ်အိမ်က ဘာလေးပဲ ပေးလိုက် ပေးလိုက်…. အကုန်သယ်လာတာ… ကစားစရာ တွေကော..စားစရာတွေကော….စုံလို့….။
လမ်းထဲက ခိုင်းတာတွေကို လုပ်ပေးတော့ သူမုန့်ဖိုးရတယ်လေ…. အင်္ကျီတွေလည်းရတယ်…. အဲ့ခါမျိုးကျတော့. ရေဘုံဘိုင်မှာရေချိုးတာပေါ့… အင်္ကျီအသစ်၊ ဘောင်းဘီအသစ်နဲ့ တစ်ခါတလေများ မျက်မှန်တောင်ပါလိုက်သေး….။
“ဟယ် အရမ်းလှတာပဲ”
အဲ့လိုများပြောလိုက်လို့ကတော့.. ရှက်လို့ကို မဆုံးတော့ဘူး…… ခါးထဲလိမ်ကျစ်ထားတဲ့ ပိုက်ဆံတွေနဲ့ မုန့်တွေဝယ်ကြွေးပါလေရော……..။
ကျောင်းဖွင့်တဲ့အချိန်တွေဆို သူပျောက်နေတတ်ပြီး.. စနေ. တနင်္ဂနွေ ဆို သူရောက်လာတတ်တယ်လေ….။ ဘယ်သွားနေတာလဲလို့…မေးကြည့်တော့.. မြို့ထဲမှာ အလုပ်ကူလုပ်ပေးနေတာတဲ့…။
ကလေးများသာ သူ့အပေါင်းအသင်းမို့.. သူ့ဆရာဆိုလည်း မမှားဘူးလေ..။ ကျွန်မတို့က ကိုကြီးရယ်..ရေချိုးပါလား.. သနပ်ခါးလိမ်းပါလားဆိုပြီး…. ပြောတော့…. နားထောင်တဲ့အခါလည်းနားထောင်တယ်လေ…… နားမထောင်ပဲ အော်လွတ်တဲ့ အခါမျိုးကြတော့…. ကျွန်မတို့လည်း ထွက်ကိုပြေးရရော….။
ကျွန်မက လူတတ်ကြီးလုပ်ပြီး စာသင်ပေးတော့..သူ စိတ်ဝင်တစားနဲ့ နားထောင်သား….။ ခဲတံကို စိတ်မရှည်စွာကိုင်ထားတဲ့ပုံကို ကျွန်မတို့ ကလေးတွေက “ဟာ..မရဘူး..ရေးရမယ်… အဲ့ဒါမှ စာဖတ်တတ်မှာ…” ဆိုပြီး.. အတင်းကို ရေးခိုင်းတတ်ပါတယ်…။
စိတ်လိုလက်ရ လုပ်တဲ့အခါမျိုးကျတော့… “ဟေး… အရမ်းတော်တာပဲ…” ဆိုပြီး ကလေးတွေက ခုန်ပေါက်ပြီး သြဘာ ပေးတတ်ပါတယ်..။
ပျော်သွားတဲ့ သူ့မျက်နှာက တစ်ကယ့်ကို ၀မ်းသာပီတိပါ…။
အော်..ဒါတွေက ငယ်ငယ်က ပုံရိပ်တွေပါ…….
*****----------*****-------------
“ဟဲ့..နင်ဘာတွေစဉ်းစားနေတာလဲ…”
အမလေး.. နင်ကလည်း…ဖြေးဖြေးလုပ်ပါ….
လွတ်လပ်ရေးနေ့အတွက်… ကလေးတွေကစားဖို့ ပြင်ဆင်နေရာမှ… သူရ စကားကြောင့်..ကျွန်မ လန့်သွားပါတယ်…။ တစ်ရက် ၊ နှစ်ရက်အကြို ကတည်းက ကစားပွဲတွေအတွက်ပြင်ရတာမို့…. လူငယ်တွေအားလုံး အလုပ်ရှုပ်နေကြပြီလေ…
“ဘာရယ်တော့မဟုတ်ပါဘူးဟာ…. ကိုအောင်ဌေးကြီးကို သတိသွားရတာဟ..သူအခုလောက်ဆို ဘာတွေများဖြစ်နေပြီလဲ မသိဘူးနော်…ငါတို့ငယ်ငယ်က ကစားကြတာကို ပြန်သတိရမိလို့ပါဟာ..”
ဟုတ်တယ်… တစ်နှစ်တစ်ခါရောက်လာတဲ့ လွတ်လပ်ရေးနေ့ကို ကျွန်မတို့လည်း အပျော်ဆုံးဖြစ်သလို… ကိုအောင်ဌေးကြီးလဲ အရမ်းပျော်တာ.. သူက အားပေးသူလေ….. အားပေးတာမှ.အသံကြီးကို ပြဲနေတာပဲ……။
“အမလေး.. တွေးမနေနဲ့ ….. သူက ငါတို့ကို သတိတောင်ရတော့မှာမဟုတ်ဘူး.. ခုလောက်ဆို ဗိုလ်တွေဘာတွေ ဖြစ်ချင် ဖြစ်နေမှာ….. ဟီး…”
“အင်းနော်.”
ခပ်တိုတိုစကားသာ ပြန်ပြောလိုက်ရင်း..ကျွန်မလဲ လုပ်လက်စလေးကို လက်စသတ်လိုက်ပါတယ်….
လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက ပျောက်သွားတဲ့ ကိုအောင်ဌေးကို ကျွန်မတို့ကတော့ သတိရမြဲ ရနေတာပါ… စစ်ထဲလိုက်သွားသလိုလို.. အဖမ်းခံရသလိုလိုနဲ့…. ခုထိတော့ သတင်းလဲမကြားရတော့… အားလုံးကတော့ မေ့ပျောက်နေပေမယ့်.. ကျွန်မကတော့… အမှန်ပင်..သတိရလျက်…ခင်မြဲ…ခင်လျက်………………..။
0 comments