ရောင်နီပျို့၍ ပီပြင်ခါစ နံနက်ခင်းပေမယ့် မောဟိုက်စွာပင်ပန်းနေတဲ့ အောင်တိုးကတော့ နွေပူပူက လေပူမိထားသလိုပင်။ ခပ်အေးအေးတိုက်ခတ်နေတဲ့ လေပြေလေညှင်းကလေးတောင် အောင်တိုးအနားသို့မကပ်နိုင်ခဲ့ပေ။
ကျောပြောင်ပြောင်ပေါ် စီးကျနေတဲ့ ချွေးစက်တွေကို အောင်တိုးမသုတ်အား၊ ဘယ်ဘက်ပခုံးပေါ်ကထမ်းထားရတဲ့ ၀ါးစည်းကိုပင် ညာဘက်သို့မပြောင်းအားခဲ့။ ရွာသို့ အချိန်မီရောက်ရေးကိုသာ အားစိုက်ထားတာမို့ အမြန်ရောက်ချင်နေမိသည်။ သို့သော်လည်း မခံနိုင်တဲ့အဆုံးတော့…….
“မင်းအောင်…ခဏနားရအောင်ကွာ၊ ငါညောင်းနေပီ”
“ ဟ အောင်တိုး၊ ဒါက ခဏနား တစ်ရေးအိပ်ပြီး နေစောင်းမှ ထသွားလို့ရတဲ့ဟာ မဟုတ်ဘူး၊ ပြီးတော့ အရိပ်မရှိဘာမရှိနဲ့။ ရွာကိုအချိန်မီရောက်မှ ငါတို့နေ့တွက် ကိုက်မှာပေါ့ကွ၊ ပြီးတော့ စောစောရောက်မှ စောစောနားရမှာလေကွာ”

တကျွီကျွီနဲ့ မြည်နေတဲ့ ပခုံးထက်က ထမ်းပိုးထားတဲ့ဝါးလုံးတွေနဲ့အပြိုင် စီးချက်ညီညီ ကိုယ်ဟန်နွဲလို့ ဖြေးဖြေးမှန်မှန်နဲ့ အောင်တိုးတို့ရဲ့ ခြေလှမ်းတွေက အပြန်အလှန်စကားပြောနေကြပေမယ့် မရပ်ကြပါ။ ရှေ့နောက်တန်းလို့ အပြိုင်လမ်းလျှောက်နေတဲ့ဟန်က ဟိုးအဝေးကတောင်တန်းတွေနဲ့အပြိုင် သဘာဝရဲ့အလှပင်။

ဒီတော၊ ဒီတောင်နဲ့ ဒီလိုအလုပ်တွေက အောင်တိုးတို့အတွက်တော့ သာမာန်မျှသာ။ နဖူးကချွေး ခြေမကျတယ်ဆိုတာ မယုံဘူးသူများ လာကြည့်စမ်းစေချင်ပါတယ်။ အာရုံတက်ကတည်းက ထမ်းပိုးလာရတဲ့ ၀ါးလုံးတွေက တောင်ပေါ်ကနေ အောင်တိုးတို့ရွာထိကို မနားတမ်းထမ်းပါမှ မနက် 7 ခွဲလောက်ကို အစောဆုံးရောက်တတ်သည်။ ရွာရောက်ပြီးခဏနား၊ တစ်ရေးတမောအိပ်ပီးလို့ နေစောင်းတော့တစ်ခါ တောင်ပေါ်ပြန်တက်၊ အကုန်လုံးက ခြေလျှင်မျှသာ။ တစ်ခါတလေ တောထဲသွားတဲ့ ကားကြုံရှိရင်တော့ အောင်တိုးတို့အနည်းငယ်သက်သာရပါတယ်။

မလုပ်ဖူးတဲ့ အလုပ်ထူးကို ပထမဆုံးလုပ်မိတဲ့အောင်တိုးကတော့ မင်းအောင်လောက်တော့ မမာနိုင်။ 10 ကျော်သက်အရွယ်ကတည်းက ဒီလိုအလုပ်တွေနဲ့ ယဉ်ပါးလာတဲ့ မင်းအောင်ကတော့ အလုပ်ပေါင်းစုံလုပ်ဖူးသည်။ ခုလည်း မင်းအောင်ရဲ့ဦးဆောင်မှုနောက်သို့ အောင်တိုးတစ်ယောက် အမြည်းသဘောနဲ့လုပ်ကြည့်ရင်းသာ။
“အားတင်းထားကွ အောင်တိုး.ရောက်တော့မယ်”
အောင်တိုးဘာမှပြန်မပြောမိ။ ငုံ့ထားတဲ့ခေါင်းကိုသာ ပို၍တိုးလို့ ရွာကိုအမြန်ရောက်အောင်သာပဲ အားစိုက်ထားလိုက်ပါတယ်။

ပခုံးပေါ်က ၀ါးစည်းကို မြေပြင်ပေါ်သို့ ၀ုန်းခနဲ မြည်အောင်ပစ်ချလိုက်တော့ ပေါ့ပါးသွားတဲ့ခန္ဒာကိုယ်က လေထဲပင်မြောက်တက်သယောင်ယောင်။ ပါလာတဲ့ဝါးတွေကိုရေတွက်ပြီး လက်ထဲကိုပိုက်ဆံရောက်လာတော့ တမနက်လုံး ပင်ပန်းမှုတွေက ကြက်ပျောက်၊ ငှက်ပျောက်။ အော်…..ဒါက သဘာဝတရားပါလားလို့ ဘယ်သူတွေကမှ စာထိုင်မဖွဲ့နေပါ။

“ငါပြန်ပြီ မင်းအောင်….ညနေကျလာခေါ်ကွာနော်”
မင်းအောင်နဲ့အောင်တိုးတို့ ၀ါးဒိုင်မှာပဲလမ်းခွဲလို့ ကိုယ့်အိမ်ကို အသီးသီးပြန်ကြလေပြီ။ လူအားနဲ့ရင်းလို့ရတဲ့ငွေက အသားတင် ဆိုပေမယ့် အကျင့်မရှိသေးတော့ မချိမဆန့်ပင်ပန်းတယ်လို့အောင်တိုးထင်မိသည်။ မနက် 7 နာရီဆို ကိုယ်စီကိုယ်စီလုပ်ငန်းခွင်ဝင်နေကြပေမယ့် အောင်တိုးတို့လုပ်ငန်းက တစ်နေ့တာတော့ပြီးဆုံးခဲ့ပြီမဟုတ်ပါလား…………………။

***-----***-----***-----***-----***-----***-----***-----***-----

 “အောင်တိုးရေ…အောင်တိုး…”
“ဟာ..မင်းဟာကလည်းကွာ အစောကြီးရှိသေးတဲ့ဟာကို”
“ညနေတောထဲမသွားဘူးကွ၊ တခြားအလုပ်တစ်ခုရှိလို့ အဲဒါ မင်းကိုလာပြောတာ၊ မနက်ဖန်မနက်စောစော ငါ့အိမ်လာခဲ့”
“ဘာအလုပ်လဲ”
“ရောက်တော့သိရမယ်ကွာ”

ဟင်းစားလည်းရ၊ သုံးစရာငွေလည်းရတဲ့ဒီအလုပ်ကို မင်းအောင်လာဆွယ်လို့သာ အောင်တိုးပါလာခဲ့ရသည်။ စိတ်ထဲကတော့ သိပ်မလုပ်ချင်။ တောသဘာဝပေမယ့် ဒီလိုကိစ္စတွေက အောင်တိုးနဲ့အဝေးကြီးဟုထင်မိသည်။  ၀က်သားကို အောင်တိုးအရမ်းကြိုက်ပေမယ့် ခုလို ခြေတွေလက်တွေကို တုတ်ပြီး မီးမြိုက်ထားတဲ့ ၀က်ကို ကိုယ်တွေ့မြင်လိုက်ရတော့ အောင်တိုးရင်ထဲတစ်မျိုးတမည်တောင် ခံစားသွားရပါသည်။ ပါးစောင်ထဲကထွက်လာတဲ့ တံတွေးကို အသာမျိုချလိုက်ပြီး၊ မင်းအောင်ကိုလှမ်းကြည့်ရင်းက
“ဒါ ..ဒါတွေကို ငါတို့ကဘယ်ရွာကိုသွားရောင်းရမှာလဲ၊ မင်းအောင်ကွာ…မင်းကတော့လုပ်ပြီ”
“ရှေ့ကရွာတင်ပါကွ၊ မင်းကလည်းကွာ..ယောက်ျားမဟုတ်တဲ့အတိုင်းပဲ၊ ငါလဲအစတုန်းက မင်းလိုပေါ့ကွာ၊ ခုတော့လည်း အေးဆေးပေါ့၊ နောက်တော့လည်း အဆင်ပြေသွားတာပဲ၊ ဒါကလည်း နေ့တိုင်းလုပ်ရတာမှမဟုတ်တာ”

အောင်တိုးဘာမှပြန်မပြောမိ၊ အဆင်သင့်ရောင်းလို့ရအောင် တစ်ပိဿာတွဲစီတွဲနေကြတာကို ခပ်လှမ်းလှမ်းကနေပဲ အောင်တိုးရပ်ကြည့်နေမိသည်။ မင်းအောင်ကတော့ ၀ိုင်းဝန်းလုပ်ကိုင်ပေးနေတာ တစ်ကယ့် ၀ါရင့်တစ်ယောက်လိုပင်။

ရွာထဲကထွက်သည်အထိ ခေါင်းကိုသာတွင်တွင်ငုံ့လို့ ခြေလှမ်းတွေမယိုင်အောင်ပဲ မနည်းကြိုးစားပြီး မင်းအောင်နောက်က လိုက်ပါခဲ့ရပြန်ပါသည်။ မညီမညာလမ်းတွေထက်က ခပ်ယိုင်ယိုင်ခြေထောက်တွေရဲ့ လေးတွဲထောက်ကန်မှုကြားမှာ ပခုံးထက်က ကိုရွှေဝက်ရဲ့ အသားတွဲတွေကတော့ သေပြီးတာတောင် ဇိမ်နဲ့ပါလား…………………။

***-----***-----***-----***-----***-----***-----***-----***-----
“ အောင်တိုး..လာ ငါတို့ ရွာစွန်ကိုခဏသွားရအောင်”
“ ဟာ…ဘာလုပ်မလို့လဲကွာ၊ နေပူရတဲ့အထဲ၊ ဟင်းဖိုးတွေက နေစောင်းမှရမှာဆို”
“ လိုက်မှာသာလိုက်ခဲ့စမ်းပါကွာ”

“ အိမ်ရှင်တို့….အိမ်ရှင်တို့.. ဗျို့…အဘမောင်၊ အဘမောင်”
“ ဟေ ဘယ်သူတွေလဲကွ”
“ ကျွန်တော်ပါ မင်းအောင်ပါ။ တောင်ကုန်း ရွာကပါ၊ ဦးရီးအတွက် ဟင်းစားပို့ခိုင်းလိုက်လို့ပါ။”
“ ဘာ….ဘာဟင်းစားလဲ…မစားဘူး…သွား…….ထွက်သွား၊

“ ဗျာ…..အဘမောင်…ကျွန်တော်လေ…မင်းအောင်လေ၊ သေချာကြည့်ပါဦး အဘမောင်ရ”
“ငါဘယ်သူမှမသိဘူး..သိလဲမသိချင်ဘူး…..၊သွား…..မယူဘူး၊ ထွက်သွားကြ၊ 
ငါ……တယ်…မင်းတို့မသွားကြသေးဘူးလားကွ 

“ ဟဟ မင်းအောင် ဘာဖြစ်တာလဲ လာ လာကွာ သွားရအောင် အခြေအနေမကောင်းဘူး။”
“ ဟာ..မဟုတ်သေးပါဘူး အောင်တိုးရာ”
“ မဟုတ်လဲ မင်းပဲသွားတော့၊ ဟိုမှာ ဘီလူး သရဲလို ဖြစ်နေတာကို၊ နောက်မှ အကျိုးအကြောင်းမေပြီးထပ်လာပေါ့ကွာ”

ကိုယ်တစ်ခြမ်းစောင်းငန်း စောင်းငန်းနဲ့ အောင်တိုးဆွဲခေါ်ရာနောက်ကိုလိုက်သာလိုက်ခဲ့ရပေမယ့် မယုံနိုင်စရာ ကြားခဲ့မြင်ခဲ့ရတဲ့ ဒီအခြေအနေကို မင်းအောင်တစ်ကယ်ပဲမယုံနိုင်ခဲ့ပါ။ မင်းအောင်တို့ငယ်ငယ်ကတည်းက ဒီဘက်ရွာက အဘမောင်ဆီ ခဏခဏ ရောက်ခဲ့ဖူးပါတယ်။ မင်းအောင်တို့ရွာက ဘယ်သူပဲဖြစ်ဖြစ် ဟင်းပေါ်ချင်ရင် ဖင်ပေါ့လို့ခိုင်းအောင်တဲ့မင်းအောင်ကိုပဲ ကလေးဘ၀ တုန်းကတော့ မုန့်ဖိုးပေး၊ အသက်ကြီးလာတော့ အရက်ဖိုးပေးနဲ့ပဲ ခိုင်းကြလို့ မင်းအောင်က ရွာနှစ်ရွာရဲ့ ဆက်သွယ်ရေးကြီး တစ်ယောက်ပင်။  ခုက မရောက်ဖြစ်တဲ့လေးငါးနှစ်လေးအတွင်းမှာကိုပဲ ဘာတွေကဘယ်လိုပြောင်းလဲကုန်သည်မသိတော့ပေ။ မတွေ့ဖူး၊ မမြင်ဖူးတာတွေ မြင်လိုက်ရတဲ့သူလို မင်းအောင်တစ်ယောက်အကြီးအကျယ်အံ့သြနေမိပါတယ်။

“ညီလေးတို့၊ မင်းတို့ ဟင်းလာရောင်းတဲ့သူတွေထင်တယ်”
“ဟုတ်ပါတယ်။ ကျွန်တော်တို့အလုပ်ရှင်က အဘမောင်တွက် ဟင်းတစ်တွဲဝင်ပို့လိုက်ပါဆိုလို့ အဲဒါ ကျွန်တော်တို့လာပို့ကြတာ၊ အရင်ကလည်း ကျွန်တော်လာဖူးပါတယ်ဗျာ။ ဒီလိုမဟုတ်ပါဘူး၊ ခုတော့ဗျာ….”

“ အော်……သိပ်အံ့သြသွားတယ်ထင်တယ်၊ ငါတို့ရွာကလည်း အဘမောင်ကို အတော်လေး ကြိုးစားပြီးနားလည်ပေးလိုက်ရတယ်။  ဒါ နဲနဲတော်သွားတာ အရင်ကဆို သူ့အိမ်ရှေ့ကနေတောင် ဘာမှယူမသွားရဲဘူးလေ။ ငါ့ညီတို့ကအကြောင်းစုံမသိပဲကိုး…….ဖြစ်ပုံက ဒီလိုကွ…………………………”

***-----***-----***-----***-----***-----***-----***-----***-----


“အေးမိ၊……..ဟေ့.အေးမိ….ငါ..တယ်..ဒီမိန်းမတော့…..”
“ရှိပါတယ် ကိုဘမောင်ရယ်…ပေးပေး…….လက်ထဲကဟာတွေ၊ ရှင်နောက်ကျလှချေလား၊”
“ ငါ့ကို ပြုစုနေကြလို့ပါကွာ၊ ရော့…..”

ပုဆိုးစထဲ လိမ်ကျစ်ထားရာမှ ထုတ်ပေးလာတဲ့ ကိုဘမောင်ဆီက ငွေနည်းနည်းကို အေးမိ လှမ်းအယူမှာ ကိုဘမောင်မျက်နှာကို အေးမိကြည့်လိုက်မိပါတယ်။ မျက်နှာပေါ်မှာ ပင်ပန်းတဲ့ပုံပေါ်နေပေမယ့် တစ်ခါမှမျက်နှာမပျက်ခဲ့တဲ့ ကိုဘမောင်ကို အေးမိ နားအလည်ဆုံးမဟုတ်လား။
“ ရေသွားချိုးလိုက်ဦး၊ တော် ညစ်ပတ်လာတယ်မဟုတ်လား”
“ အေးပါ။”
ပုဆိုးစုတ်လေး ပခုံးပေါ်တင်လို့ ချောင်းထဲရေချိုးဆင်းသွားတဲ့ ကိုဘမောင်ကို အေးမိ သတိထားကြည့်လိုက်ပါတယ်။ လေးလေး ကန်ကန်ဖြစ်နေတဲ့ ကိုဘမောင်ခန္ဓာကိုယ်က အနည်းငယ်တောင် ပိန်သွားသလားလို့။ “ အော်….ကိုဘမောင်တောင် အသက်ကလေးရလာပါလား”

ဘယ်လောက်ဝေးဝေး အသားပေါ်ဖို့လာခေါ်တယ်ဆိုရင် ညကြီးမင်းကြီးလည်း ကိုဘမောင်ထလိုက်သွားတတ်ပါတယ်။ နေ့ခင်းဘက်လည်း နေဘယ်လောက်ပူပူ ထ လိုက်သွားတတ်ပါတယ်။ ငယ်ငယ်ကတည်းက ၀ါသနာလိုဖြစ်လာတော့။ ဟင်းပေါ်တယ်အသံကြားရင်ကို ကိုဘမောင်က အရောက်သွားတတ်သည်။  ကြာလာတော့ လက်ရှိအလုပ်လေးက လက်မဲ့ဖြစ်လာလေပြီ။ အစပိုင်းကတော့ ခဏတစ်ဖြုတ်လိုက်လုပ်ပေးရင်းကနေ ခုတော့ ကိုဘမောင်က နာမည်ကြီး ဖြစ်နေခဲ့လေပြီ။
အလုပ်အားလုံးပြီးအောင် စိတ်ရှည်လက်ရှည်လုပ်ပေးတဲ့အပြင် အခကြေးငွေရယ်လို့ မယူတတ်တဲ့ ကိုဘမောင်ကို ရွာနီးချုပ်စပ်ကလူတွေက သိနေကြပါပြီ။ အဖော်အပေါင်းမပါဘဲ အကောင်ဘယ်လောက်ကြီးကြီး တစ်ယောက်တည်းသာ လုပ်တတ်တဲ့ကိုဘမောင်က လက်ကလည်းသွက်သည်။ မြန်လည်းမြန်သည်။ တိကျသေချာတဲ့ကိုဘမောင်ကို ဒါ့ကြောင့် အားလုံးက သဘောကျနေကြတာပါ။
လုပ်အားခအဖြစ် ၀မ်းတွင်းကလီစာအားလုံးရတဲ့အပြင်၊ အသားတစ်တွဲ ရလာတတ်တာဆိုတော့ အေးမိတို့ရွာမှာ အေးမိတို့က အသားဟင်းမပြတ်ခဲ့ပေ။ အရင်က သူရင်းငှားဘ၀မှာ အသားဟင်းဆိုတာက အိမ်မက်လိုပင်။ ရွာထဲအလှူရှိမှ၊ မင်္ဂလာဆောင်ဝိုင်းကူမှ စားရတဲ့ဝက်သားကို တစ်ရွာလုံးကြိုက်ကြသည်။ ဒါပေမယ့်လည်း ၀က်သားဘယ်လောက်ကြိုက်ကြိုက် ငါးပိရည်နဲ့တော့မလဲနိုင်ပေါင်။

အေးမိတို့လို လယ်လုပ်ငန်းဆိုတာက ပြစရာဘာမှမရှိပေမယ့် သူရင်းငှားဘ၀က တစ်ခါမှ နားနေရတယ်လို့မရှိခဲ့ပါ။ စပါးချိန်တန်စပါး၊ ပဲချိန်တန်ပဲနဲ့ နွေဘက်ကျတော့ စက်ထဲလုပ်ရပြန်သေးသည်။ လင်ကထမ်းတော့ မယားကရွက်ဆိုသလို အေးမိတို့လည်း တစ်ခါမှခေါင်းပေါင်းမချွတ်ခဲ့ရပေ။ အပေါ်ကထပ်ဝတ်ထားရတဲ့ အင်္ကျီလက်ရှည်ဆိုတာကလည်း အမြဲတမ်းလိုလိုပင်။

ကလေးတွေတဖြည်းဖြည်းအရွယ်ရောက်လာလေလေ၊ ကျပ်တည်းလေလေနဲ့ ဒီလိုပဲနေလာခဲ့ကြရာက ခုနောက်ပိုင်းကျမှ ကိုဘမောင်ရဲ့ကြားဖြတ်ဝင်ငွေလေးက မိသားစုကိုထိန်းနိုင်ခဲ့လေပြီ။ မိုးတွင်းတစ်ချိန်လေးပဲ လယ်ထဲဆင်းလို့ နွေဘက်ဆိုရင်တော့ ကိုဘမောင်က လက်ကိုမလည်နိုင်အောင် အလုပ်ကောင်းခဲ့လေသည်။ ခုတော့ အေးမိတို့တဖြည်းဖြည်း စားနိုင်သောက်နိုင်ဖြစ်လာခဲ့ပြီမဟုတ်လား။ ဒါတွေအားလုံးက ကိုဘမောင်ကြောင့်ဆိုတာ အေးမိ မသိပဲနေမလား။ မမြင်ဘဲနေမလား၊ မတွေးဘဲနေမလား။

“ ရေသွားချိုးတာကြာလိုက်တာ…ကိုဘမောင် ဘာများဖြစ်နေပါလိမ့်”

စိတ်ထဲကတွေးပူမိတာနဲ့ အပူလုံးက ရင်ကိုလာရိုက်လေပြီ။ အမှန်ဆို ကြာစရာအကြောင်းမရှိ၊ အိမ်နောက်ဘေးကချောင်းက အိမ်နဲ့ဘယ်လောက်မှမဝေးလှ။ လမ်းမှာလဲစကားရပ်ပြောစရာအကြောင်းမရှိ၊
အေးမိတို့ရွာချောင်းက နွေဘက်ဆိုရေမရှိတော့။ ချောင်းထဲမှာ ဖျာခင်းပြီးတစ်ချို့ဆို ညဘက်မှာတောင်လာအိပ်လို့ရပေသည်။ ကျောက်စရစ်ခဲလေးတွေနဲ့ သဲမြေပြင်က ခပ်အေးအေးလေးဖြစ်နေတတ်သည်။ လက်ယက်တွင်းကလေးတွေတူးထားလို့ ရေပဲချိုးချိုး၊ သောက်ရေပဲခပ်ခပ် အိမ်တိုင်းအတွက်အဆင်ပြေစေအောင် သဘာဝကပဲ ဖန်တီးပေးထားတာမဟုတ်လား။

“မဖြစ်သေးပါဘူး။ ငါ လိုက်သွားဦးမှပဲ”
ဟင်းအိုးကိုလက်စသတ်လိုက်ပြီး ဓါတ်မီးတစ်လက်နဲ့ အေးမိတစ်ယောက် အိမ်နောက်ဘက်ချောင်းထဲကို နားစွင့်ရင်းဆင်းသွား လိုက်ပါတယ်။
“ ကိုဘမောင်..ကိုဘမောင်… ရှင်ဘယ်မှာလည်း… ရှင်အဲဒါဘာလုပ်နေတာလဲ၊ သွားတာကြာပြီဆိုပြီး ကျွန်မလိုက်လာခဲ့တာ၊ တကတည်းတော် စိတ်ကိုပူသွားတာပဲ။..”

 “ ငါ. ညောင်းလို့ခဏထိုင်နေတုန်း အိပ်ပျော်သွားတာ ဘယ်လိုဖြစ်မှန်းတောင်မသိလိုက်ဘူး၊ ခု ရေတောင်မချိုးရသေးဘူး”
“ ကဲကဲ..လုပ်လုပ် ကျွန်မတစ်ခါတည်းစောင့်နေမယ်..မြန်မြန်ချိုး”

***-----***-----***-----***-----***-----***-----***-----***-----

“အဘမောင်၊ အဘမောင်၊ ……အရီး.အရီး…”

“ ဟဲ့၊ ဘယ်သူတုန်း…လာလာဝင်လာခဲ့…………………..အော်…မောင်မင်းအောင်ကိုး၊ ဆို..ဘာကိစ္စ”
“ ဘာကိစ္စရှိရမလဲ အရီးရယ်၊ ထုံးစံအတိုင်းပေါ့၊ အဲဒါ မနက် 6 နာရီလောက်အရောက်လာခဲ့ပေးပါတဲ့”
“ အေးပါ၊ အရီးပြောပြထားလိုက်မယ်၊ ထမင်းစားသွားပါဦးလား”
“ မစားတော့ပါဘူးအရီး၊ ကျွန်တော် တခြားကိစ္စလေးတွေရှိသေးလို့ သွားလိုက်ဦးမယ်။ မနက်ဖန် ဆက်ဆက်နော်အရီး”
“ အေးပါ…အေးပါကွယ်”

မင်းအောင်ပြန်သွားတော့မှ ဒေါ်အေးမိသတိရသွားသည်၊ ခုတလော ကိုဘမောင်သိပ်မှနေမကောင်းဘဲ။  ဘာရယ်မဟုတ် တရှောင်ရှောင်ဖြစ်နေတာကြာပြီ။ ဟိုဆေးလေးသောက်၊ ဒီဆေးလေးသောက်နဲ့။ လယ်ထဲကပြန်လာတဲ့ရက်တွေဆို အရမ်းပင်ပန်းတဲ့ပုံပေါက်နေတာ အေးမိသတိထားမိသည်ပဲ။

“ကိုဘမောင်မှ အိမ်မှာမရှိတာ၊ ငါ တစ်ခါတည်း ငြင်းလိုက်ရမှာ၊ ခုတော့မှလည်း နေပါစေတော့…”

တစ်ကိုယ်တည်းတွေးတောနေတဲ့ ဒေါ်အေးမိတစ်ယောက် လေးတွဲစွာနဲ့ပဲ သက်ပြင်းကိုချလိုက်မိပါတယ်။ တစ်ရက်တမနက်ပဲ လုပ်ရတဲ့အလုပ်ဆိုပေမယ့် အန္တရယ်များပြီး တစ်ယောက်တည်းလုပ်ရတဲ့ ဒီအလုပ်ကို အေးမိမလုပ်စေချင်တော့။ ပြီးတော့ သွေးညှီနံ့တွေနဲ့ ပြန်လာတဲ့ ကိုဘမောင်ကို အရင်ကတော့သတိမထားမိပေမယ့် နောက်ပိုင်းတော့ အေးမိသတိထားမိလာတယ်။

ရေချိုးပြီးပေမယ့်လည်း အနံ့မပျောက်သွားတဲ့ ဒီအနံ့ကို ကိုဘမောင်စိတ်ဆိုးမှာစိုးလို့ အေးမိ မပြောပဲနေလာခဲ့တာကြာခဲ့ပြီ။ တစ်ခါတစ်ခါဆို ၂လ၊ ၃လလောက်အထိ ဘာမှမလုပ်ပဲနဲ့တောင် အနံ့တို့ကပျောက်မသွားခဲ့။ အရင်ကတော့ ခေါင်းအစ ခြေအဆုံး စားခဲ့တဲ့ အေးမိတစ်ယောက် ခုဆို တာဝန်အရ ချက်ပေးယုံရလွဲလို့ မတို့မထိချင်တော့။ တဖြည်းဖြည်းနဲ့ကို စားချင်စိတ်တွေ လျော့ပါးလာခဲ့လေပြီ။

“ ဟဲ့၊ အေးမိ၊ ဘာတွေတွေးနေတာလဲ။ ငါ မင်းအောင်ကို ရွာထိပ်မှာတွေ့လိုက်ရတယ်၊ ဒီကောင် အိမ်ကိုလာသွားတာလား၊”

ဒေါ်အေးမိမတက်နိုင်တော့၊ တွေးလက်စအတွေးတို့ရပ်ကာ ပြန်ပြောမိတာက “ မနက်ဖန်မနက် ဆက်ဆက်လာခဲ့ပါတဲ့”

***-----***-----***-----***-----***-----***-----***-----***-----

“အေးမိရေ……အေးမိ…မြန်မြန်လာစမ်းပါဦး”
“ ဟင်……ကိုဘမောင်၊ ကိုဘမောင်ဘာဖြစ်လာတာလဲ ကျွန်မကိုပြောပြစမ်းပါဦး၊”
“ငါတို့လည်းမသိဘူးဟ၊ ငါတို့က ကိစ္စနဲ့ တောင်ကုန်းရွာကိုခဏသွားတာ လမ်းမှာ ဘမောင် လဲနေတာမြင်လို့၊ ပြီးတော့ ကိုယ်တွေလည်းခြစ်ခြစ်တောက် ပူနေတာ။ အကျိုးအကြောင်းမေးကြည့်တာ ဘာမှမေးမရတာနဲ့ ထမ်းခေါ်လာတာ”

“ဒ့ါကြောင့် ကျွန်မစိတ်ထဲမှာ ထင့်နေတာ။ မနက်အစောကတည်းကထွက်သွားတာ၊ ပုံမှန်ဆို နေ့ခင်းလောက်ဆို ပြန်ရောက်နေကြ၊ ခုတော့…ခုတော့……ကျွန်မကိုအိမ်ပေါ်တင်ပေးကြပါဦး၊ ဆရာ့ကိုလည်း သွားခေါ်ပေးကြပါဦး”

ခြေမကိုင်မိ၊လက်မကိုက်မိဖြစ်နေတဲ့ အေးမိကို ရွာသားတွေဝိုင်းဝန်းဖျန်ဖြေပေးလို့ ဆရာဝန်သွားခေါ်တဲ့သူကခေါ်၊ ဟိုအရွက် ပြေးထောင်းသူကထောင်းနဲ့ ရွာသားတွေအလုပ်ရှုပ်နေကြပေမယ့်။ ကိုဘမောင်ကတော့ အိမ်ပေါ်မှာ အသံတိတ်၊ နှုတ်ဆိတ်လို့ သတိမရခဲ့ပေ။
“ကိုဘမောင်….ကိုဘမောင်…ကျွန်မကိုစကားလေးထပြောစမ်းပါဦးလား ကိုဘမောင်ရဲ့…..ဦးကြီးတို့ရယ် ကိုဘမောင်ကို ကယ်ပေးကြပါနော်”
“အေးပါ အေးမိရယ်။ နင်လဲစိတ်ကိုလျော့ထားပါဟာ။ ခုဟာက ခပ်ရိုးရိုးပဲ သတိမေ့နေတာနေမှာပါ၊ ကဲ..ကဲ.. ငါတို့လည်းပြန်ဦးမယ်၊ နင်လဲ နေကောင်းအောင်နေ”
“ဟုတ်……………ဟုတ်…ကျေးဇူးကြီးလှပါတယ်ဦးကြီးတို့ရယ်…..”
***-----***-----***-----***-----***-----***-----***-----***-----

အဲဒါပဲ င့ါညီတို့ရေ…..
ရွာကဆေးဆရာဆေးထိုးပေးပြီး၂ ရက်လောက်ကြာမှ သတိပြန်ရလာတဲ့ကိုဘမောင်က အိမ်မက်ဆိုးတွေမက်သလို ညဘက်ညဘက် ထထယောင်လာတယ်၊ နဂိုအသံပြောင်းသွားပြီး အသံသြသြကြီးနဲ့ ဖြစ်သွားတဲ့ ကိုဘမောင်က ခါးလည်းကုံးသွားတယ်။ မြင်လေရာကို တုတ်တစ်ချောင်းနဲ့ လိုက်ရိုက်နေတတ်ပြီးတော့ ဘာအသားမှလည်း မစားတော့ဘူးလေ။ အဲဒါ တောင်ကုန်းရွာကနောက်ဆုံးပြန်လာခဲ့အခေါက်ကတည်းကပဲ။ ရွာထဲမှ တစ်ခွန်းတစ်စ ပြောကြတာတော့ ကိုဘမောင် နေမကောင်းတုန်းကဆို သူ့အသံက နွားညည်းသံလိုဖြစ်နေတာဆိုပဲ။ အကိုလည်းအိမ်ကရွာနောက်ပိုင်းဆိုတော့ အနီးကပ်တော့ သိပ်မသိဘူးဖြစ်နေတာ…

ငါ့ညီတို့လည်း ကိုဘမောင်ကို စိတ်ထဲမထားပါနဲ့၊ ဗွေလည်းမယူပါနဲ့ ၊ ပြီးတော့ စိတ်မကောင်းလည်းမဖြစ်နဲ့တော့။ အားလုံးက သူ့အကြောင်းနဲ့သူပဲ မဟုတ်လား……….
***-----***-----***-----***-----***-----***-----***-----***-----

“ သား အောင်တိုး ပြန်လာပြီလား”
“ ဟာ အမေ မအိပ်သေးဘူးလားဗျာ၊ ကျွန်တော် နောက်ကျမယ်လို့ပြောထားခဲ့တာကို”
“အေးပါ အမေသိပါတယ်။ မအိပ်ချင်သေးလို့ကို ငါ့သားကို ထိုင်စောင့်နေတာ၊ ဘယ်လိုလဲ ပထမဆုံးလိုက်သွားတာ အဆင်ပြေခဲ့ လား။”
အမေ့ကို ခေါင်းတစ်ချက်ညှိပ်ပြလိုက်ပြီး ရလာတဲ့ ငွေနည်းနည်းကို အမေ့လက်ထဲသို့ အသာထည့်လိုက်ရင်းက ရေချိုး၊ ထမင်းစားဖို့ အောင်တိုးထလာခဲ့လိုက်ပါတယ်။ နားထဲမှာတော့ အမေ့ပြောစကားများထက် ဟိုဘက်ရွာက အဘမောင် အကြောင်းသာ တစ်ရစ်ဝဲ၀ဲ။
ထမင်းစားဖို့ ပြင်ဆင်ပေးနေတဲ့ အမေ့ကို လှမ်းကြည့်လိုက်ရင်းက“ အမေရေ… ပထမဆုံးအခေါက်က နောက်ဆုံးအခေါက်ဖြစ်နေပြီထင်တယ်”လို့ အောင်တိုးဘာသာ တီးတိုးရေရွတ်လိုက်ပါတော့တယ်။

***-----***-----***-----***-----***-----***-----***-----***-----

အဲ့ဒိညက အောင်တိုးအိပ်ယာဝင်နောက်ကျခဲ့သည်။ ခေါင်းထဲမှာပြည့်နေတဲ့အကြောင်းအရာအားလုံးကို တစ်ခုချင်းစီတန်း၍ ဖြန့်ကြည့်မိသည်။ အိမ်မက်တစ်ခုကလည်း မက်လိုက်သေးသည်။ အိမ်မက်ထဲမှာတော့ ရွာထဲက ကလေးတွေလက်ထဲမှာ စာရွက်လေးတွေကိုင်လို့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ဝေနေလေသည်။ အိမ်ရှေ့က သစ်ပင်တွေမှာလည်း လိုက်ကပ်နေလေသည်။

အိမ်ထဲမှာထိုင်နေမိတဲ့အောင်တိုးက အဘမောင်နဲ့စကားထိုင်ပြောနေခဲ့လေသည်။ ဟိုဘက်ရွာမှာတွေ့ခဲ့သလို ဒေါသထန်နေတဲ့ အဘမောင်မဟုတ်ဘဲ ခပ်အေးအေးအမူအယာနဲ့ ရေနွေးသောက်လိုက် စကားပြောလိုက်လုပ်နေကြသည်။

“အေးမူ….အေးမူ….ဟဲ….အေးမူ လက်ထဲကစာရွက်တွေက ဘာတွေလဲ”
“အော်…ကိုအောင်တိုး….ရော့…ဖတ်ကြည့်လေ။”

အေးမူကမ်းပေးတဲ့စာရွက်ကို လှမ်းကြည့်မိတော့ စာလေးကနှစ်ကြောင်းတည်း။ အဘမောင်က ဘာများလည်းဆိုတဲ့ဟန်နဲ့ ငဲ့ကြည့်တော့ အောင်တိုးက အသံထွက်လို့ဖတ်ပြလိုက်တာက-

 
“ဇီဝိတဒါန လှူထားတဲ့ ငါတို့တတွေ၊
ကျွဲ၊ နွားတွေအသက်ကို ကယ်တင်ကြမလေ” တဲ့။
စာဖတ်ပြီးတဲ့အောင်တိုးက အဘမောင်ကို လှမ်းကြည့်လိုက်တော့ အဘမောင်ရဲ့မျက်နှာပေါ်မှာ မမြင်ဖူးတဲ့အရာတစ်ခုကို အောင်တိုးမြင်လိုက်ရလေသည်။ နှစ်ခြိုက်ကျေနပ်ခြင်းများစွာနဲ့ ပြုံးနေတဲ့ အပြုံးလေးက ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးပန်းလေးပါလားလို့ အောင်တိုးထင်လိုက်မိပါတော့တယ်။
စိမ့်စမ်းရေ
26.4.2014

 http://www.takkathoyahanpyo.blogspot.com/
တက္ကသိုလ် ရဟန်းပျို ဓမ္မစာစောင် အတွဲ(၂)၊ အမှတ် (၁၀) တွင်လည်း ဖတ်ရှု အားပေးနိုင်ကြပါတယ်။


Posted by စိမ့်စမ်းရေ on Tuesday, August 5, 2014

0 comments

Post a Comment